နေပြည်တော် မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာမူထန်၊ ဒေါ်ဒွဲဘူနှင့်ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအားတစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်စက်မှုဇုန်များ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ၊ ဈေးရောင်းပွဲတော်နှင့် Talk Show များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းပို့ချပေးခြင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ရှင်များဖြစ်ကြသည့် စစ်ကိုင်းမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးကိုကိုမြင့်၊ စစ်ကိုင်းမြို့ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးထွန်းထွန်းဦး၊ ရွှေဘိုမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးဖြိုးသူရ၊ ရွှေဘိုမြို့ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးကျော်ငွေ၊ ကလေးမြို့စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးဇော်ဝမ်း၊ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးစိုးမြင့်၊ မုံရွာမြို့စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးခင်မောင်ညို၊ မုံရွာမြို့ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးသန်းဌေးအောင်နှင့် တက်ရောက်လာကြသူများက စစ်ကိုင်းစက်မှုဇုန်ဆိုင်ရာအချက်အလက်များနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စစ်ကိုင်းမြို့၌ စက်သုံးဆီလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံငွေများကို နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်စေလိုမှု၊ အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားသည့် ရွှေဘိုပေါ်ဆန်းကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းပေးစေလိုမှု၊ လေကြောင်းခရီးစဉ်များကို ယခုထက် ပိုမိုပြေးဆွဲဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များကိုအဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် ခေတ်မီစက်ကိရိယာများ တင်သွင်းရာတွင် ပိုမိုလျှင်မြန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုပိုမို လျှင်မြန်ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုမှု၊ စစ်ကိုင်းမြို့ရေလုံလောက်စွာရရှိရေးအတွက် ဆိုလာစနစ်သုံးရေပေးဝေရေးစနစ် ဖော်ဆောင်ပေးစေလိုမှု၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံးအသုံးပြုလျက်ရှိသည့် စစ်ကိုင်းတောင်ရိုးလမ်းနှင့် ကမ်းနားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ မြို့တွင်း၌ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ကိုင်းမြို့ မြို့ရှောင်လမ်းဆောင်ရွက်ပေးစေလိုမှု၊ ရိုးရာငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေး-စစ်ကိုင်း-အင်းတော်-ကသာ မီးရထားလမ်း ပြေးဆွဲဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှအားပေး ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စပါးစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အလေးထားအကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိသဖြင့် မိမိတို့ဒေသများရှိဦးစီးဌာနများမှတဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့်နည်းပညာ၊ စက်ကိရိယာနှင့်အရင်းအနှီးများ ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ MSME ပြပွဲ၊ ပြိုင်ပွဲများ နိုင်ငံအဝန်းဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေနိုင်သည့်အတွက် လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားကြရန်လိုအပ်မှုစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် အလေးထားမှတ်သား၍ တိုင်းဒေသကြီးအစိုးရအနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အမြန်ဆုံးဆက်သွယ်၍သော်လည်းကောင်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကိုတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုတွင် တစ်ဦးချင်း၏စီးပွားရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့်အခက်အခဲများကိုတွေ့ရှိရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် မိမိတို့ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ အခြားဒေသများမှထွက်ရှိသည့် ကုန်ကြမ်းများကိုမှီခိုရန်မလိုဘဲ မိမိဒေသအတွင်း ထွက်ကုန်များဖြင့် အောင်မြင်စွာထုတ်လုပ်နိုင်သည့် ဒေသတစ်ခုဖြစ်သည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်မည့်ဒေသဖြစ်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်ခုအကြားတွင် တည်ရှိနေသည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း။
စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာလျင် နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားကို တည်ဆောက်နိုင်မည်
နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရကြောင်း၊ စည်းလုံးညီညွတ်မှုရှိသည့် နိုင်ငံသားများဖြင့်ရပ်တည်ဆောင်ရွက်မည်ဆိုပါက နိုင်ငံရေးအားကောင်းမွန်မည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာတွင်အထိုက်အလျောက်ဩဇာရှိနိုင်ကြောင်း၊ မောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနှင့်ကာကွယ်ရေးမောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးပညာရပ်ကို လူတိုင်းနားလည်သင့်ကြောင်း၊ အစိုးရအနေဖြင့်တစ်နိုင်ငံလုံးစီးပွားရေးနှင့် ပြည်သူလူထု၏ စီးပွားရေးတိုးတက်အောင် စီမံဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်စေရေးနှင့် လူအများကိုကြီးပွားချမ်းသာစေမည့် လမ်းကြောင်းကိုမြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင် ရောင်းကုန်ပစ္စည်းများ ရရှိမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ထွက်ရှိသည့် ကုန်ကြမ်းများကို ကုန်ကြမ်းအတိုင်းသာရောင်းချမည်ဆိုပါက အကျိုးအမြတ်ရရှိမှုနည်းပါးမည်ဖြစ်ပြီး ကုန်ချောအဖြစ်ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း။
ဒေသတွင်း အောင်မြင်စွာဆောင်ရွက်နိုင်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လို
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသည်ကိုတွေ့ရကြောင်း၊ စပါးစိုက်ပျိုးမှုများကို စနစ်တကျဆောင်ရွက်ပြီး တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းဝမ်းစာဖူလုံမှုကို အထောက်အကူပြုနိုင်သည့်အပြင် ပိုမိုထွက်ရှိသည့်ထုတ်ကုန်များကို ပြင်ပသို့ရောင်းချနိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း စစ်ကိုင်း တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင်စိုက်ပျိုးမှုအမြင့်မားဆုံးဖြစ်ပြီး ယခုထက်ပိုမို ထွက်ရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဂျုံမျိုးကောင်းမျိုးသန့်များရရှိအောင် စိုက်ပျိုးရေးသုတေသနဌာန၊ ဂျုံစိုက်တောင်သူများနှင့် ဂျုံအသုံးပြုသူများ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်၍ ဂျုံမျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအထိ မျှော်မှန်းစိုက်ပျိုးရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးမြေများကို အကျိုးရှိရှိအသုံးချရန်လိုပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးအတွက်ခွင့်ပြုထားသည့် စိုက်ပျိုးမြေ ၅ သိန်းခန့်မှာ ပြည့်မီစွာ စိုက်ပျိုးမှုမရှိသည်ကို တွေ့ရကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြီးအထွက်နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့်များဖြစ်ရန်၊ မြေကောင်းမွန်ရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်မှန်ကန်ရန်လိုကြောင်း၊ ဓာတ်မြေဩဇာလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူဆောင်ရွက်ပြီး တိရစ္ဆာန်များ၏စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင် ကြောင်း၊ နို့စားနွားနှင့် အသားစားနွား မွေးမြူရေးလုပ်ငန်းများကိုစနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည်၊ စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူတို့တွင် မွေးဖွားစဉ်မှ သေဆုံးသည့်အချိန်အထိ အဝတ်အထည်များ လိုအပ်ကြောင်း၊ ထို့ကြောင့် အဝတ်အထည်များ ရက်လုပ်ခြင်းအတွက် လိုအပ်သည့် ဝါစိုက်ပျိုးမှုများကို အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝါ စိုက်ပျိုးမှုများကို ယခု ထက်ပိုမိုတိုးတက်အောင်မြင်အောင် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝါ စိုက်ပျိုးမှုများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်မှုကိုသာမက ပြည်ပသို့ပါတင်ပို့ရောင်းချနိုင် မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စပါး၊ ဂျုံ၊ ဝါနှင့် ဆီထွက်ပစ္စည်းများကို အောင်မြင်အောင်စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတိုးတက်မှုများကို ပိုမိုဖြစ်ထွန်းစေပြီး နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံ၌ စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါးထွက်ရှိမှုနှုန်းအမြင့်ဆုံး ဖြစ်ကြောင်း၊ အဆိုပါ ဝါးများကိုအသုံးပြု၍ နိုင်ငံအတွက်လိုအပ်သည့် စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံများတည်ဆောက်လိုပါကလည်း နိုင်ငံတော်အနေဖြင့် ခွင်ပြုပေးမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသတွင် ရာဘာထွက်ရှိပြီး ရာဘာကိုအခြေခံသည့် မော်တော်ဆိုင်ကယ်တာယာများ၊ စက်ဘီး တာယာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ရော်ဘာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားလုံလောက်မှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိ
မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့်စက်သုံးဆီ လိုအပ်ချက်အတွက် ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ နိုင်ငံအတွင်းစားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေကြာစိုက်ပျိုးမှုများနှင့် ဆီထွက်သီးနှံများကိုလည်း အောင်မြင်အောင်စိုက်ပျိုးကြစေလိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများလျှော့ချရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံး အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်တင်သွင်း မှုများကိုလည်း ခွင့်ပြုပေးထားပြီး အချို့နေရာများတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက်လည်း နိုင်ငံတော်မှစီမံဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းရှင်များတစ်ဦးချင်းအနေဖြင့်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြစေလိုကြောင်း၊ ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဆောင်ရွက်နိုင်သည့် နေရာအများအပြားရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကိုအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးသည့်အတွက် မိမိတို့အနေဖြင့်အဆိုပါ ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များကို အပြည့်အဝအသုံးချနိုင်မှုမရှိခြင်းကြောင့် နိုင်ငံ၏အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ထိခိုက်နစ်နာလျက်ရှိကြောင်း၊ ကလေးဝကျောက်မီးသွေး ထုတ်လုပ်ခြင်းမှလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများကိုလည်းဆောင်ရွက်၍ရကြောင်း၊ မိမိတို့ဒေသနှင့် တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများအနေဖြင့် ဒေသနှင့်တိုင်းပြည်၏အကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်အတွက်အကျိုးရှိစေမည့် စီမံကိန်းများအောင်မြင်မှုမရှိစေရေး နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မိမိတို့၏ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆုံးဖြတ်ကြစေလိုကြောင်း။
လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး ပညာရေးကို အားပေးဆောင်ရွက်
မိမိ၏ မူဝါဒမှာ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရံပုံငွေမှ ရင်းနှီးမတည်ငွေများလွှဲအပ်ပေးထားပြီးဖြစ်သဖြင့် စနစ်တကျအကျိုးရှိစွာအသုံးချရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက်လိုအပ်သည့်ကုန်ကြမ်းများ၊ အရင်းအနှီး၊ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အားနှင့်လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များရရှိစေရေး ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများဖွင့်လှစ်လျက်ရှိကြောင်း၊ အလားတူသိပ္ပံကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ၎င်းမှတစ်ဆင့် ကောလိပ်နှင့်တက္ကသိုလ်များကို တက်ရောက်နိုင်ကြောင်း၊ ယခင်ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည်ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှုရာခိုင်နှုန်းအနည်းဆုံး ဖြစ်ကြောင်း၊ မိမိတို့သားသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးသည် ကိုယ်ပိုင်ပစ္စည်းများဖြင့် ရပ်တည်နေသည့်တိုင်း ဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံး ပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မြို့ပေါ်ဒေသတိုးတက်မှုကိုသာမက ကျေးလက်ဒေသဖွံ့တိုးတက်မှုကိုပါ များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတိုးတက်ရေးအတွက် ဒေသတွင်လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ညီညီညွတ်ညွတ်ဖြင့် ပူပေါင်းဆောင်ရွက်ကြ မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိစေရေးအတွက် ဒေသတွင်းရှိအုပ်ချုပ်ရေးအဖွဲ့အစည်းများက ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ ဒေသခံများအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် နိုင်ငံ ရေးဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံအကျိုးကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များကိုယ်စား မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား မုံရွာမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းတို့က အသီးသီးလက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း ရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက်စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။