Skip to main content

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအတွက် တပ်မတော်၏ဆောင်ရွက်ချက်

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ၍ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင်လည်း တပ်မတော်သည် ပင်မမဏ္ဍိုင် ဖြစ်ခဲ့သည်။ ထူးခြားချက်မှာ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် ပြည်သူများဆန္ဒဖြစ်သည့် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာ၌ ကျရာအခန်းကဏ္ဍ မှ ကျေပွန်စွာထမ်းရွက်နေခြင်းဖြစ်သည်။

လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေရခြင်း၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ကျရောက်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း အကြောင်းရင်းများကို ဆန်းစစ်ကြည့်လျှင် လွတ်လပ်ရေးရပြီးကာလ ပြည်တွင်းသောင်းကျန်းမှုများမှစ၍ ဝါဒရေး၊ ဂိုဏ်းဂဏအရေး၊ လူမျိုးရေးစသည့်သမိုင်းတို့ကို ကိုယ့်ခံယူချက်ရှုထောင့်မှကြည့်၍ ပုံဖော်နေမှု၊ နိုင်ငံရေးကိုအကြောင်းပြု၍ ပြည်ထောင်စုပြိုကွဲအောင်ဖန်တီးမှု၊ တိုင်းဆူပြည်ဖျက် အဖျက်လုပ်ရပ်များ လုပ်ကိုင်နေမှု စသည့်အကြောင်းများသည် အဓိကကျသောအချက်များဖြစ်သည်ဟု ရှုမြင်နိုင်မည်ဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်ရန်နှင့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေးဖြစ်သည်။ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပရန်စွယ်အန္တရာယ်များကို အစဉ်သတိမပြတ်ကာကွယ်လျက်ရှိပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းပေးရသည်။ မြန်မာနိုင်ငံအနေဖြင့် နောက်ခံသမိုင်းကြောင်း အခြေအနေအမျိုးမျိုးအရ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရေးနှင့် ပြည်သူတို့၏အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးတို့အတွက် ဝင်ရောက်တာဝန်ထမ်းဆောင်နေရသည်။

ပထဝီနိုင်ငံရေးနှင့်ပြည်တွင်းနိုင်ငံရေးအခြေအနေအရ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သမိုင်းပေးတာဝန်အဖြစ် ဆက်လက်၍ ကျေပွန်စွာထမ်းရွက်ရန် လိုအပ်ပေသည်။ ပြည်ပအန္တရာယ်ကာကွယ်ရေးအတွက်လည်း ခေတ်မီတပ်မတော်ဖြစ်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် နေသည်ကိုတွေ့ရသည်။ စည်းလုံးညီညွတ်သည့်တပ်မတော်၊ အင်အားတောင့်တင်း ခိုင်မာသည့်တပ်မတော်၊ စွမ်းရည်ပြည့်ဝသည့်တပ်မတော်၊ စည်းကမ်းကောင်းမွန် သည့်တပ်မတော်ဖြစ်စေရေးတို့ကို အမြဲမပြတ်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများဆန္ဒဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တည့်မတ်ခိုင်မာအောင် တည်ဆောက်ပေးလျက်ရှိသည်။

သို့ရာတွင် မြန်မာ့နိုင်ငံရေးအခြေအနေကို ပကတိအရှိ အမှန်တရားအတိုင်း မမြင်စေလိုဘဲ ပြောင်းပြန်လှန်၍ တပ်မတော်အပေါ် ပုတ်ခတ်မှုများ၊ တိုက်ခိုက်မှုများ အစဉ်အဆက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ပြည်ပမှ အပြုသဘော မဆောင်သည့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးအသုံးချခံ ပြည်ပအခြေစိုက်မီဒီယာများ၊ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ပါဝင်ခဲ့ကြသူအချို့၊ ပြည်တွင်း၌ နိုင်ငံရေးလောင်းရိပ် မိနေသူများ၊ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်သူများ၊ နိုင်ငံရေးကိုအသုံးချ၍ အာဏာရရှိရေး ကြိုးပမ်းနေသူများကို မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် တွေ့မြင်ရမည်ဖြစ် သည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့သော၊ ထမ်းရွက်ဆဲဖြစ်သော တပ်မတော်ကို ပုတ်ခတ်တိုက်ခိုက်နေခြင်းသည် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ၏အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီး ခြင်း ဖြစ်စေသည်ကို တွေ့ရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တပ်မတော်သည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများကို အစဉ်ကာကွယ်စောင့်ရှောက်နေမည်ဖြစ်သည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် တွင်ပါရှိသည့်အတိုင်း ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

တပ်မတော်သည် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပါသဘောတူညီချက်များ အတိုင်း အလေးထားလုပ်ဆောင်လျက်ရှိပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက်နေမှုများသည် နိုင်ငံတော်နှင့်ပြည်သူများအပေါ်ထားရှိသည့် စစ်မှန်သောစေတနာများဖြစ်ပါကြောင်း။      ။