မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့်နေရာများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူနိုင်ရန် ကြိုးပမ်းပြုလုပ်နေကြသည့် သာမန်မဟုတ်သောအခြေအနေကို ဖြတ်သန်း နေရချိန်ဖြစ်သည်။
“တပ်မတော်အနေဖြင့် NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲတွင် မရိုးမသားဆောင်ရွက်ခဲ့သည့် ဥပဒေမဲ့လုပ်ဆောင်မှုကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ဥပဒေနှင့်အညီ ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ အရေးပေါ်ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါ က လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပြီး တာဝန်လွှဲပြောင်းမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ မိမိတို့တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံသူ နိုင်ငံသားများအားလုံး လုံခြုံအေးချမ်းစွာနှင့် အေးအတူပူအမျှလက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင်လုပ်ကိုင်နိုင်အောင် ခိုင်မာစွာဆက်လက်လုပ်ဆောင်သွားမည်၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်က ဦးဆောင်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်တို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားကို အထူးလိုအပ်သည်။ တပ်မတော်သည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားမည် မဟုတ်ကြောင်းကိုလည်း အခိုင်အမာပြောကြားထားပြီးဖြစ်သည်။ အကြမ်းဖက်အဖျက်အုပ်စုများ၏ ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ ဖယ်ရှားရှင်းလင်းရေး၊ နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းရေးသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော အခင်းအကျင်းဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ပြည်သူလူထုအခြေပြု၍ တည်ဆောက်သွားရမှာလည်းဖြစ်သည်။
တပ်မတော်သည် ပြည်သူလူထုနှင့်အတူလက်တွဲ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်တွင် ကာကွယ်စောင့်ရှောက်လျက်ရှိရာ မည်သည့်အစိုးရ၊ မည်သည့်ခေတ်ပင်ဖြစ်စေကာမူ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် တပ်မတော်က ထာဝရတည်ရှိနေမည်သာဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်