Skip to main content

အမျိုးသားအကျိုးစီးပွားအတွက် အစဉ်ဦးထိပ်ပန်ဆင်ထမ်းရွက်

နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့်ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်၏ ရှေ့ခရီးလျှောက်လှမ်းနိုင်ရေးကို တပ်မတော်က ဦးဆောင်အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိရာ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီး လိုအပ်သည်များအား အကြံပြုဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဒီမိုကရေစီအစိုးရ တတိယသက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကိုမြော်တွေး၍ နိုင်ငံတော်ကို နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်က နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၌ နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများရှိလာရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏အကျိုးစီးပွား ပျက်ယွင်းမှုမရှိစေရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည်။

တပ်မတော်သည် ခေတ်အဆက်ဆက်၌ နိုင်ငံတော်ကို မည်သည့်အစိုးရ တာဝန်ယူဆောင်ရွက်သည်ဖြစ်စေ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်လုံခြုံရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်တို့အား ကာကွယ်စောင့်ရှောက်ရေးတာဝန်များကို ဥပဒေနှင့်အညီထိန်းသိမ်း တာဝန်ယူစောင့်ရှောက်ခဲ့သည်။ မျက်မှောက်ကာလ နိုင်ငံတော်တာဝန်များကို တပ်မတော်က တာဝန်ယူထမ်းဆောင်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လျက်ရှိသည့် လူမှုစီးပွားအခက်အခဲများ၊ နိုင်ငံရေးကိုအကြောင်းပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်ရန်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားများကို စောင့်ရှောက်ရေးဖြစ်သည်။ လက်ရှိအခြေအနေတွင် တိုင်းရင်းသားပြည်သူများ၏ လိုလားချက်ဖြစ်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင် လွတ်လပ်၍ တရားမျှတသည့် စစ်မှန်သောရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည်။ ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများမရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလဒ်များမှန်ကန်မည်။ပြည်သူ အားလုံး၏ဆန္ဒလည်း ပြည့်ဝမည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မဖြစ်မနေဆောင်ရွက်ပေးရမည့် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးလျက်ရှိသည်။ ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်၊ ဆန္ဒများကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့်ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်၍ တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်၌ ပိုမိုပါဝင်နိုင်ရမည်ဖြစ်သည်။

တပ်မတော်အနေဖြင့်နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကိုရှေးရှု၍ ထာဝရငြိမ်းချမ်းရေးရရှိအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။ တပ်မတော်သည် ပြည်သူတို့နှင့်အတူလက်တွဲ၍ လွတ်လပ်ရေးကိုရယူပေးခဲ့ပြီး ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ကာ ယနေ့အချိန်အထိ တာဝန်များကို ကျေပွန်စွာထမ်းရွက်လျက်ရှိသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အယူဝါဒရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကိုလည်း အားလုံးသည် ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်သည်ဟူသည့်စိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ပြီး လက်နက်ကိုင်ပဋိပက္ခများကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဆောင်ရွက်ခဲ့သည်။

သို့ဖြစ်ရာ တပ်မတော်အနေဖြင့် ကောင်းမြတ်သောအစဉ်အလာကောင်းများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်ဟု ရှုမြင်ပါကြောင်း။ ။