Skip to main content

ကလေးများ၏အနာဂတ်နှင့် နွေကျောင်းပိတ်ရက်သင်တန်းများ

စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားပြီးနောက် ယခုကာလသည် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပြီး ကျောင်းသူကျောင်းသားများအဖို့လည်း ရက်သတ္တပတ်အနည်းငယ်မျှ အနားယူပြီးခဲ့ကြပြီဖြစ်သည်။ အတန်းတင်စာမေးပွဲကြီးပြီးဆုံးစတွင် ကျောင်းသူကျောင်းသားများအနေဖြင့် တစ်နှစ်တာလုံးအားထုတ်ကြိုးပမ်းခဲ့သမျှအတွက် လုံလောက်စွာအနားယူရန် လိုအပ်သော်လည်း နွေကျောင်းပိတ်ရက်တစ်ခုလုံးအနေဖြင့်မူ မိမိတို့အတွက်အကျိုးရှိစွာ အသုံးချနိုင်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။

အခြေခံပညာအဆင့်တွင် သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများမှာ ကလေးသူငယ်အရွယ်များဖြစ်ကြသည့်အလျောက် ကျောင်းသင်ဘာသာရပ်များမှလွဲ၍ ပြင်ပသင်တန်းများကို ကလေး၏အသက်အရွယ်နှင့် စိတ်ဝင်စားမှုအပေါ်လိုက်၍ ကလေးများ အကျိုးဖြစ်ထွန်းစေရန် မိဘများကရွေးချယ်ထား ပေးကြရန်လိုသည်။ မူလတန်းအောက်ဆင့်အရွယ် ကလေးငယ်များသည် ယဉ်ကျေးလိမ္မာမှုနှင့် မိခင်ဘာသာစကားမဟုတ်သည့် ပြင်ပဘာသာစကားတစ်ခုခုကို သင်ကြားပေးရန် အကောင်းဆုံး အရွယ်ဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားသည်။ ကလေး အသက် ၅ နှစ်မှ ၇ နှစ်ခန့်တွင် ပြင်ပဘာသာစကားတစ်ခု (အင်္ဂလိပ်၊ တရုတ် စသည်ဖြင့်) စတင်သင်ကြားပေးပြီးနောက်ထပ် ဆက်လက်သင်ကြားလေ့ကျင့်ပေးသွားခြင်းဖြင့် ကလေး၏သင်ယူနိုင်စွမ်း မြင့်မားလာခြင်းနှင့်အတူ သင်လွယ်တတ်လွယ်နိုင်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားကြသည်။

ကျောင်းစတင်နေသည့်အရွယ်တွင် ကလေးသည်မိသားစု၏ပြင်ပသို့ စတင်ထွက်လာပြီး လူမှုအသိုင်းအဝိုင်းနှင့် စတင်ထိတွေ့လာရသည့် အချိန်ဖြစ်သည့်အပြင် သင်ကြားပေးရန် လည်း အကောင်းဆုံးအရွယ်ဖြစ်သည့်အတွက် ယဉ်ကျေးလိမ္မာ (Etiquette) သင်ခန်းစာများသင်ကြားပေးသင့်သည့် အရွယ်လည်းဖြစ်သည်။ နေ့စဉ် နာရီပိုင်းမျှ သင်ကြားလေ့ကျင့်ပေးလိုက်သည့် ဘာသာစကား၊ ယဉ်ကျေးလိမ္မာအမူအရာများက ကလေးငယ်၏အနာဂတ်ဘဝအပေါ်တွင် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ရာ နွေကျောင်းပိတ်ရက်ကာလအတွင်း ကလေးများအကျိုးဖြစ်ထွန်းစေမည့်သင်တန်းများ ဖွင့်လှစ်နိုင်ရန်လိုအပ်သကဲ့သို့ ကလေးမိဘများကလည်း မိမိတို့ရင်သွေးများကို နွေသင်တန်းတစ်ခုခုဆီသို့ မပျက်မကွက်စေလွှတ်နိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်သည်။

ယခုအခါ အမြို့မြို့အနယ်နယ်တို့တွင် ကလေးသူငယ်အရွယ် အမျိုးမျိုးတို့အတွက် ပန်းချီသင်တန်း၊ စန္ဒရား၊ ဂစ်တာအတီးသင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ အင်္ဂလိပ်သဒ္ဒါသင်တန်း၊ တရုတ်စကားပြောသင်တန်း၊ ကာယကြံ့ခိုင်မှုအကသင်တန်း၊ ရေကူးသင်တန်း၊ သိုင်းသင်တန်း၊ ဂျူဒိုသင်တန်း၊ ကရာတေးသင်တန်း၊ အခြေခံဘောလုံးသင်တန်းစသည်ဖြင့် ဖွင့်လှစ်သင်ကြားပေးနေကြကြောင်း တွေ့ရှိရသည်။ အနုပညာသင်တန်းများသည် ကလေးတို့၏စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေပြီး စိတ်ကူးဖန်တီးမှုကို မြင့်မားစေသည်။ ဘာသာ စကားသင်တန်းများကလည်း ကလေးများ၏ဘာသာစကားစွမ်းရည်ကို မြင့်မားစေပြီး မှတ်ဉာဏ်ကိုလည်း အားကောင်းစေသည်။ ကိုယ်လက်ကြံ့ခိုင်မှု အားကစားနှင့် ကိုယ်ခံပညာသင်တန်းများက ကလေးများ၏ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲလုံ့လဝီရိယ နှင့် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်တို့ကို ဖြစ်ထွန်းစေသည်။ နည်းပညာခေတ်တွင် ကွန်ပျူတာအခြေခံသည်လည်း လူတိုင်းတတ်မြောက်ထားရမည့် ပညာရပ်ဖြစ်ရာ နွေကျောင်းပိတ်ရက်တွင် သင်ယူလေ့လာခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ကလေးငယ်များအတွက် နွေကျောင်းပိတ်ရက်သင်တန်းများက တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းစေသည်သာဖြစ်ပြီး မကောင်းသည့်အကျင့်စရိုက်များနှင့် မကောင်းသည့်ဆွဲဆောင်ရာများနှင့်လည်း ကင်းဝေးစေသည်။ ကျောင်းသူကျောင်းသား ကလေးငယ်များ၏အနာဂတ်လှပရေးသည်နိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ် မြင့်မားရေးနှင့်လည်း တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ရာ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။