ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ကောင်းမွန်ရန် လိုအပ်ကြောင်း သုတေသီ ပညာရှင်များက အဆိုရှိကြသည်။ နိုင်ငံသားတို့၏ အတွေးအခေါ် အယူအဆ၊ သဘောထားများ၊ အသိပညာ အတတ်ပညာနှင့် ကျွမ်းကျင်မှုများဖြင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် တည်ဆောက် ကြရခြင်းဖြစ်ရာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးအောင် ဦးစွာပထမ ရင်းနှီးမြှုပ်နှံရသည်သာဖြစ်သည်။ နိုင်ငံလူဦးရေတွင် အရေအတွက်အရ အလုပ်လုပ်နိုင်သော အသက် အရွယ်ရှိ လူဦးရေအချိုးအစား များပြားသည့် အခြေအနေကောင်းကို ရရှိသော်လည်း ထိုလူဦးရေတွင် ပျင်းရိသူ၊ ကျရာဘဝတွင် ဖြစ်သလိုနေသူ၊ စွမ်းဆောင်လိုစိတ် အားနည်းသူစသည့် အဖျင်းအမှော် များပြားနေမည်ဆိုပါက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မှု နည်းပါးနေမည်ဖြစ်သည်။
မိမိတို့နိုင်ငံနှင့် အခြားနိုင်ငံတို့မှ စိုက်ပျိုးမွေးမြူလယ်ယာလုပ်ကိုင်သူချင်း နှိုင်းယှဉ်ပါက ထုတ်လုပ်မှုတွင်ရော အရည် အသွေးအရပါ မိမိတို့နိုင်ငံက နိမ့်ကျနေခြင်း၊ အလုပ် သမားချင်း နှိုင်းယှဉ်ပါကလည်း ကျွမ်းကျင်မှုအရရော လုပ်ကိုင်နိုင်သည့် ပမာဏအရပါ မိမိနိုင်ငံက နိမ့်ကျနေခြင်း စသည်တို့ကို မကြာမကြာတွေ့မြင်ကြားသိနေရာ နိုင်ငံတကာမျက်နှာစာတွင် လူမျိုးအရ နိမ့်ကျမှုအဖြစ် ရေရှည်တွင် ရှုမြင်မသွားစေရန် မြှင့်တင်သွားကြရမည်ဖြစ်သည်။ လုံ့လဝီရိယရှိသူများ၊ ဉာဏ်ရည်ဉာဏ်သွေးကောင်း၍ လုပ်ငန်းကျွမ်းကျင်သူများ၊ စိတ်ဓာတ်နှင့် ခွန်အားကောင်းမွန်ကြံ့ခိုင်သူများ ဖြစ်လာစေရန် ကျန်းမာရေး၊ ပညာရေး၊ အာဟာရဓာတ် ပြည့်ဝစွာ စားသုံးနိုင်ရေးနှင့် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးများအတွက် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေး၍ ဘက်ပေါင်းစုံမှ ပြုစု ပျိုးထောင်ပေးနိုင်ရန် လိုအပ်သည်။
“လူသားအရင်းအမြစ်ကောင်းများရရှိရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်း ခန့်သည် အလယ်တန်းပညာအရည်အချင်းအောက်၌သာရှိကြောင်း၊ ၂၅ နှစ်အထက် လူဦးရေ ၈ ရာခိုင်နှုန်းခန့်သည် စာလုံးဝတတ်မြောက်ခြင်းမရှိသည်ကို စာရင်းဇယားအချက်အလက် များအရ တွေ့ရှိရကြောင်း၊ အတန်းပညာတတ်မြောက် မှသာလျှင် အတတ်ပညာများကို ဆက်လက် သင်ယူနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်ရန်နှင့် ပညာသင်ကြား နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို ဖွင့်လှစ်ပေးပြီး ဖြစ်သဖြင့် ကျောင်းတက်ရောက်ရန် အားပေးဆောင် ရွက်ကြစေလိုပြီး ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း “နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ရာ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသနှင့်နိုင်ငံအတွက် လူသားအရင်းအမြစ် တိုးတက်ကြွယ်ဝလာရေးအတွက် ပညာရေးကို အလေးထား ဆောင်ရွက်ကြရန်လိုသည်။
ယခုအခါ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသူ ကျောင်းသားများအားလုံး နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ မြို့နယ်များမှ အခြေခံပညာ အထက်တန်း ကျောင်း ၅၁ ကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို သင်ယူလေ့ကျင့်ကာ အသက်မွေးဝမ်း ကျောင်းအတတ် ပညာများ သင်ယူတတ်မြောက် နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်တော့မည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် မိမိတို့၏သားသမီး ကျောင်းသား ကျောင်းသူများကို ပညာရေးအဟောသိကံ မဖြစ်စေဘဲ သက်မွေးပညာ လမ်းကြောင်းများမှတစ်ဆင့် တန်ဖိုးမြင့်မားသည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်ထွန်းလာနိုင်ကြ ပါစေကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)