Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာန အသီးသီးမှ အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များ တက်ရောက်ကြသည်။

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်အရာရှိငယ်များအား တပ်မတော်နှင့်အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုစသည်တို့နှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သိရှိနားလည်ရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားနိုင်ရန် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ နိုင်ငံတော်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏တာဝန်ပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခြေအနေများတူညီမှုမရှိကြဘဲ နယ်ချဲ့နိုင်ငံများ၊ ကိုလိုနီပြုခြင်းခံခဲ့ရသည့်နိုင်ငံများနှင့် ကိုလိုနီပြုခြင်းမခံခဲ့ရသည့် နိုင်ငံများ စသည်ဖြင့်အမျိုးမျိုးရှိကြောင်း၊ နိုင်ငံ၏ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ အမျိုးသားရေးစရိုက် လက္ခဏာများမပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အမျိုးသားနိုင်ငံရေးပင်ဖြစ်ကြောင်း၊ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးမှာ သမိုင်းနှင့်ချီ၍ဖြစ်ပေါ်လာခဲ့သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် တို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိပြီး ဒေသအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိကြကြောင်း၊ သွင်ပြင်လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ တူညီမှုမရှိကြဘဲ တောင်တန်းဒေသနှင့်ပြည်မဒေသတို့သည် ရာသီဥတု၊ မြေအနေအထား၊ လမ်းပန်းဆက်သွယ်မှု၊ ပညာရေးနှင့်ကူးလူးဆက်ဆံမှုများ ကွာခြားမှုရှိသဖြင့်တစ်ပြေးညီတိုးတက်ခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခင်ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်က ဘုရင်များ၏ဩဇာသက်ရောက်မှုအပေါ်မူတည်၍ ကွာခြားမှုရှိခဲ့ကြောင်း၊ ကိုလိုနီပြုခြင်းခံခဲ့ရချိန်တွင်လည်း ပြည်မတွင်ရှိသည့် တိုင်ရင်းသားများနှင့် တောင်တန်းဒေသရှိတိုင်းရင်းသားများ ကွဲပြားခြားနားမှုရှိအောင် နယ်ချဲ့တို့ကဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် အင်္ဂလိပ် - မြန်မာစစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ကိုလိုနီလက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများသည် ကိုလိုနီလက်အောက်တွင်ပိုမို ကြာရှည်စွာနေခဲ့ကြရကြောင်း၊ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲပြီးနောက် ၎င်းဒေသများသည် အင်္ဂလိပ် အုပ်ချုပ်မှုပုံစံကိုကျင့်သုံးခဲ့ကြပြီး ထိုအချိန်၌ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဘုရင်စနစ်ကို ကျင့်သုံးနေ ဆဲဖြစ်ကြောင်း၊ အုပ်ချုပ်မှုပုံစံ ကွဲပြားခြားနားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုလိုနီလက်အောက်သို့ကျရောက်ချိန်တွင် ၎င်းတို့၏တောင်တန်း-ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေခဲ့ကြောင်း၊ ကိုလိုနီလက်အောက်မှရုန်းထွက်ချိန်တွင် ပညာတတ်များနည်းပါးခြင်းနှင့် စုစည်းညီညွတ်သည့်အားများ နည်းပါးမှုများရှိခဲ့၍ လွတ်လပ်ရေးကို ခက်ခဲစွာကြိုးပမ်းရယူခဲ့ရကြောင်း။

တပ်မတော်သားများသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေသူများ၊ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်သည့်အတွက် ခေတ်အဆက်ဆက် နိုင်ငံ၏သမိုင်းကို မှန်မှန်ကန်ကန်သိရှိရန်လိုအပ်ကြောင်း၊ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ရာတွင် နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိထားမှသာ မိမိတို့၏အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏သမိုင်းကြောင်းမှ သင်ခန်းစာများကိုဖော်ထုတ်ပြီး နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရအရေးပါပုံနှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကိုလည်း အမြဲမပြတ်သိရှိနားလည်နေရန်လည်းလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏စီးပွားရေး၊ နိုင်ငံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်းသိရှိနေရမည်ဖြစ်ပြီး ဆက်လက်၍လည်း မျက်ခြည်မပြတ် လေ့လာသွားရန်လိုကြောင်း။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကိုမှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကိုလေ့လာကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)ကို ကျင့်သုံးခဲ့ကြောင်း၊ မိမိတို့တိုင်းပြည်သည် ကိုလိုနီဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်အများစုတွင် နိုင်ငံရေးအယူအဆကွဲပြားမှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၌ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက် တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထားကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်းမှတ်တမ်းများ၌တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရအခက်အခဲနှင့် သမိုင်းကြောင်းများအပြင် စီးပွားရေးအရအခက်အခဲနှင့် သမိုင်းကြောင်းများကြောင့် ဖြစ်ကြောင်း။

ထိုသို့ အခက်အခဲ၊ အကျပ်အတည်းများဖြစ်ပေါ်နေမှုကို တပ်မတော်ခေါင်းဆောင်များက သတိထားတွေ့မြင်ခဲ့ပြီး တိုင်းပြည်၏အနာဂတ်အရေးအတွက် မျှော်တွေးထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထို့နောက် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ပြီး နိုင်ငံတော်၏စီးပွားရေးအခန်းကဏ္ဍကို ပြည်သူတို့လက်ဝယ်တွင်ရှိစေရေးအတွက် ဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက် တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံရေးပဋိပက္ခများထက် စီးပွားရေးကျဆင်းခဲ့ရမှုများကြောင့် အခြေခံပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရေး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေး တပ်မတော်မှဦးဆောင်၍ ဆောင်ရွက်ခဲ့ရကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့သွားနိုင်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ကြောင်း။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီအစိုးရတစ်ရပ်တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးတက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင်လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကြပ်အတည်းများစွာဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်မှကူညီဖြေရှင်းပေးခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟုအကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲတွင်မရိုးသားသည့် နည်းလမ်းများဖြင့်အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်မှနိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်းနေသည့်၊ ပြည်သူလူထုမှလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှသွေဖယ်အောင် ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိရန်လိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကိုအခက်အခဲ၊ အကျပ်အတည်းများကြားမှ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့် အချက်အားမဖြစ်မနေ အကောင်အထည်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

တစ်ဦးချင်း၏ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ရည်မှန်းချက်များမပျောက်ပျက်အောင် အလေးထားဆောင်ရွက်သွားရန်လို

တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ တပ်မတော်သားတိုင်းသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်များမထိခိုက်အောင် နေထိုင်ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက်များမပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်၍ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူတိုင်းသည် ဘဝတိုးတက်မှုကိုလိုလားကြပြီး တိုးတက်မှုများဖြစ်ပေါ်ရေးအတွက် အဓိကလိုအပ်ချက်သည် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ်လေ့လာအားထုတ် ကြိုးစားလုပ်ဆောင်ခြင်းပင်ဖြစ် ကြောင်း၊ မိမိဘဝအတွက်အကျိုးဖြစ်စေမည့် စာပေဗဟုသုတ၊ ဘာသာစကားနှင့် နည်းပညာပိုင်းဆိုင်ရာများကို လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ ထို့ပြင် သင့်တင့်လျောက်ပတ်သည့် ကိုယ်ခန္ဓာသွင်ပြင်နှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ညီညွတ်မျှတသည့် နေထိုင် စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှား မှုရှိရမည်ဖြစ်ကြောင်း၊

မိမိတို့ကို ပေးအပ်လာသည့်တာဝန်များကိုထမ်းဆောင်ရာ၌ မိမိကိုယ်ကိုသစ္စာရှိရမည်၊ မိမိအလုပ်ကိုသစ္စာရှိရမည်၊ မိမိ မိသားစုကိုသစ္စာရှိရမည်၊ နိုင်ငံတော်အပေါ်သစ္စာရှိရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်ခံယူချက် မြင့်မားရမည်ဖြစ်ကြောင်း လူတိုင်းသည် မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်များရှိကြကြောင်း၊ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ရည်မှန်းချက်တာဝန်များကိုဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။