နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်နှင့် သာသနိကအဆောက်အအုံများ တည်ဆောက်မှုတို့မှာ ပြီးစီးလုနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အခက်အခဲများစွာတို့ကို ရင်ဆိုင်ကျော်လွှား၍ ပမာဏအားဖြင့် ကြီးမားလှစွာသော လုပ်ငန်းများစွာတို့ကို ထက်သန်လှစွာသော သဒ္ဓါတရားဦးဆောင်လျက် လုံ့လဝီရိယ၊ ဉာဏ်ပညာခွန်အားတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ရည်ရွယ်ချက်အားဖြင့် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသော ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသနာ သမိုင်းအရ သင်္ဂါယနာခြောက်တန်တင်၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ အဓွန့်ရှည်ကြာ ခိုင်မြဲတည်တံ့ရေး ဆောင်ရွက်ခဲ့ရာတွင် မိမိတို့မြန်မာနိုင်ငံ၌ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်တွင် ပဉ္စသင်္ဂါယနာ၊ လွတ်လပ်ရေးရပြီးခေတ် ဝန်ကြီးချုပ်ဦးနု အစိုးရလက်ထက်တွင် ဆဋ္ဌသင်္ဂါယနာတို့ကို ကျင်းပနိုင်ခဲ့ခြင်းဖြင့် ထေရဝါဒဗုဒ္ဓသာသနာခိုင်မာသောအခြေခံရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူသော သာသနာသုံးရပ် ထွန်းကားလျက်ရှိပြီး ဗုဒ္ဓ၏ငြိမ်းချမ်းသော ဓမ္မတရားတို့ ကမ္ဘာအရပ်ရပ်သို့ပြန့်ပွားရန်လည်း သာသနာတော်ထွန်းကားပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဗုဒ္ဓသာသနာသည် လောဘဟူသော အတ္တစွဲအားကြီးခြင်း၊ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ ကုသိုလ်တရားမှသွေဖည်ခြင်း။ ဒေါသဟူသော ခက်ထန်မာန်စောင်ခြင်း၊ ပုတ်ခတ်ညှဉ်းဆဲလိုခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတရား ခေါင်းပါးခြင်း၊ သောကဗျာပါဒဖြစ်ခြင်း၊ ပူဆွေးဝမ်းနည်းခြင်း။ မောဟဟူသော အသိဉာဏ်ပညာကင်းမဲ့ခြင်း၊ တွေဝေခြင်း၊ အကြောင်းနှင့်အကျိုး၊ ကုသိုလ်နှင့်အကုသိုလ်တို့ကို ခွဲခြားနိုင်စွမ်းမရှိခြင်း၊ လောဘနှင့်ဒေါသတို့ကို ဦးစီးခေါင်းဆောင်ခြင်းဟူသော သဘောများရှိသည့် ကိလေသာမီး သုံးပါးတို့ကို ငြှိမ်းသတ်ပေးသည်။ လိုချင်တပ်မက်မှု၊ တွယ်တာမှုတို့မရှိ၊ စွန့်လွှတ်စွန့်လှူစေသည်။ မေတ္တာတရား၊ သည်းခံခြင်းတရားတို့နှင့် ပြည့်စုံစေသည်။ ပကတိကြည်လင်ချမ်းမြေ့စေသည်။ အသိဉာဏ်ဦးစီး၍ အကြောင်းအကျိုး အမှားအမှန်တို့ကို ခွဲခြားဆုံးဖြတ်နိုင်စေသည်။ လူသားတို့၏ကမ္ဘာကို ပူလောင်ပျက်စီးစေသည်မှာ လောဘ၊ ဒေါသ၊ မောဟဟူသော ကိလေသာမီး သုံးပါးပင်ဖြစ်ရာ လူတို့၏အတွင်းသန္တာန်တွင် ကိန်းအောင်းနေသော အဆိုပါမီးတို့ကို ငြိမ်းအေးစေသည်နှင့်အမျှ ကမ္ဘာလောကလည်း အေးချမ်းသာယာမည်သာဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ရန် ပန္နက်ရိုက်ခဲ့သည်မှ ရက်ပေါင်း ၁၀၀၀ ကျော်၊ နှစ်ကာလအားဖြင့် သုံးနှစ်စွန်းစွန်းသို့ ရောက်ရှိလာပြီးချိန်တွင် တည်ထားကိုးကွယ် မှုလုပ်ငန်းများစွာတို့မှာလည်း ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာ ကျန်ရှိနေပြီဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘာသာသာသနာနှင့် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပါဝင်ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်ဓမ္မမိတ်ဆွေများအား ကုသိုလ်စိတ်ပွားများနိုင်ရေး ရှင်းလင်းပြသခဲ့ရာတွင် အခမ်းအနား တက်ရောက်လာကြသူ အလှူရှင် ၁၀၁ ဦးတို့က သဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေစုစုပေါင်း ငွေကျပ် ၁၆ ဒသမ ၁၇၇ ဘီလီယံကို လှူဒါန်းခဲ့ကြသည်။ တစ်ခဏမျှသောအချိန်အတွင်း ထွက်ပေါ်လာသည့် ထက်သန်လှစွာသော သဒ္ဓါတရားနှင့် ပေးလှူမှုကုသိုလ်တို့သည် ဘဝပေါင်းများစွာအတွက် ကောင်းကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်သည့်အလျောက် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါကြောင်း။ ။