နေပြည်တော် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ အိမ်ရာတစ်ခုအတွင်း လူသတ်၊ မုဒိမ်းမှုကျူးလွန်ခဲ့သည့် တရားခံအား မရမ်းကုန်းခရိုင် တရားရုံးမှ သေဒဏ်နှင့် ပြစ်ဒဏ်များ အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်မြို့ အိမ်ရာတစ်ခုအတွင်း အိပ်ခန်းထဲ၌ အိပ်ပျော်နေသည့် (၁၅)နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့် တရားခံအောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင် (၃၈) နှစ်၊ (ဘ) ဦးသိန်းထွန်း၊ မှတ်ပုံတင် (မရှိ)၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ သရက်နှစ်ပင်ကျေးရွာ တွံတေးမြို့နယ်နေသူကို လှိုင်မြို့မ ရဲစခန်း၌ (ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၃၇၆ အရ အမှုဖွင့်အရေးယူခဲ့ပြီး မရမ်းကုန်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါတရားခံအား ဇူလိုင် ၂ ရက်တွင် မရမ်းကုန်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မရမ်းကုန်းခရိုင်တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် (၈၃/၂၀၂၆) ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဇူလိုင် ၂၃ ရက်တွင် တရားခံအောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင် အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ် (မသေမချင်းကြိုးကွင်းစွပ်၍သတ်စေ) နှင့် အဆိုပါတရားခံသည် အခင်းဖြစ်နေ့က အဆိုပါအိမ်ရာအတွင်းရှိ အခြားအိမ်တစ်အိမ်မှ ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၅၇၊ ၃၈၀/၇၅ ဖြင့် စွဲချက်တင်ခဲ့ကာ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၇၅ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ (ဒုတိယပိုင်း/၇၅) အရ အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် သီးခြားစီပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
