ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုနှင့်ပတ်သက်၍ မုန်တိုင်းမတိုင်မီကာလ၊ မုန်တိုင်းတိုက်နေစဉ်ကာလ၊ မုန်တိုင်းလွန်ကာလများအတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးတက်ညီလက်ညီဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့ကြပေသည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မဖြစ်ပွားအောင် တားဆီးနိုင်စွမ်းမရှိသော်လည်း ကြိုတင်ပြင်ဆင်လက်တွဲဝန်းရံ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မူလအခြေအနေမပျက်၊ မူလအခြေအနေထက်သာလွန်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် တစ်နာရီ မိုင် ၁၂၀ နှုန်းပြင်းအားဖြင့် အလွန့်အလွန် အင်အားပြင်းထန်စွာတိုက်ခတ်ခဲ့သော်လည်း နိုင်ငံတော်၏ ကောင်းမွန်သော ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှုများဖြင့် အကောင်းဆုံးရင်ဆိုင်ကျော်လွှား ဖြတ်ကျော်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများနှင့် လူမှုကူညီရေးစေတနာရှင်များ၏ခွန်အား၊ နိုင်ငံတော်၏ဘတ်ဂျက်၊ ပြည်တွင်းအလှူရှင်များ၏ စွမ်းပကားဖြင့် ပထမဦးစားပေးအနေဖြင့် မုန်တိုင်းသင့်ပြည်သူများအား အမိုးအကာအောက် လုံခြုံစွာရောက်ရှိနေထိုင်နိုင်ရန် စီမံဆောင်ရွက်နိုင်ခဲ့သည်။ ဒုတိယဦးစားပေးအနေဖြင့် မုန်တိုင်းမတိုင်မီ ကြိုတင်ကြေညာထားသည့် ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်နိုင်ရေးအတွက် အထက်တန်းကျောင်းများကို ဦးစားပေးပြင်ဆင်ပြီး သတ်မှတ်ရက်အတွင်း အမိုးအကာအောက်၌ လုံခြုံစွာဖြင့် ကျောင်းများဖွင့်လှစ်နိုင်ခဲ့သည်။ ပြင်ဆင်ဆဲကျောင်းများကိုလည်း ယာယီအဆောက်အအုံများဖြင့် ပညာသင်ကြားရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တတိယဦးစားပေးအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ/ဆေးခန်းများကို ပြင်ဆင်ပေးခဲ့ပြီး ယခုကာလတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ပြန်လည်ပြုလုပ်ပေးနိုင်ခဲ့သည်။ တစ်ဆက်တည်းတွင် လမ်းပန်းဆက်သွယ်ရေး၊ ပျက်စီးခဲ့သောအဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေးနှင့် အစားအစာနှင့်လူ့အသုံးအဆောင်ပစ္စည်းများကို မုန်တိုင်းသင့်ဒေသများသို့ စဉ်ဆက်မပြတ်ပေးပို့နိုင်ခဲ့သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ညီညွတ်မှုနှင့်် အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်မှုများသည် အလွန်အရေးကြီးသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောဆိုစကားနှင့်အညီ တာဝန်ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ခဲ့သောကြောင့် မုန်တိုင်းထိခိုက်သော မြို့နယ်များအားလုံး တစ်လအတွင်းထင်သာမြင်သာသည့် တိုးတက်ဖြစ်ထွန်းမှုများကို တွေ့ရှိခဲ့သည်။
စည်းလုံးညီညွတ်မှုသည် သဘာဝဘေးအန္တရာယ်များသာမက မည်သည့်ဘေးအန္တရာယ်ကိုမဆို ရင်ဆိုင်ဖြတ်ကျော်နိုင်သည်။ ယခုအခါတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး (ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊ ဟာသပညာရှင်များအစည်းအရုံးနှင့် အနုပညာရှင်အဖွဲ့များက မုန်တိုင်းရန်ပုံငွေရှာဖွေထားသည့် အလှူငွေများပေးအပ်ခဲ့ကြသည်။
ပြည်သူချစ်သော အနုပညာရှင်များသည် ကျေးဇူးရှိသော ပြည်သူပရိသတ်တို့၏ အားပေးမှုကို တုံ့ပြန်သောအားဖြင့် ပြည်သူများ ဘေးဒုက္ခကြုံတွေ့ရချိန်တိုင်း အားပေးကူညီထောက်ပံ့မှု၊ လှူဒါန်းမှုနှင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ဓာတ်ခွန်အားသစ်များရရှိစေရန် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ ယခုမိုခါမုန်တိုင်းအန္တရာယ်ကြုံတွေ့ပြီး ထိခိုက်ခံစားကြရသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအတွက်လည်း အားပေးကူညီ၊ ထောက်ပံ့လှူဒါန်းမှုများနှင့် ဖျော်ဖြေတင်ဆက်မှုများကို စေတနာအလျောက် စိတ်အားထက်သန်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရာ မုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နေ့စဉ်ရက်ဆက် ပါဝင်ဆောင်ရွက်ပေးနေကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြားဆက်စပ်အဖွဲ့အစည်းများကလည်း ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြပြီး ပြည်သူအားလုံး စိတ်ဓာတ်ခွန်အားလန်းဆန်းတက်ကြွစွာဖြင့် ကြည့်ရှုအားပေးခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များသာမက အခြားသောအန္တရာယ်ရန်စွယ်အမျိုးမျိုးတို့ကိုလည်း ပြည်တွင်းအားဖြင့်ပင် ရင်ဆိုင်တွန်းလှန်ကျော်လွှားသွားကြရမည်ဖြစ်သည်။ “စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဟူသော မြန်မာ့ဆိုရိုးစကားနှင့်အညီ မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်လာအောင် နိုင်ငံတော်အစိုးရ၊ အဖွဲ့အစည်းများအားလုံးနှင့် နယ်ပယ်ကဏ္ဍအသီးသီးမှ ပြည်သူများ၊ ဒေသခံပြည်သူများအားလုံး လက်တွဲပူးပေါင်းကာ အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။