မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံတည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းလိုက်ရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအနက် ပထမဆုံးပင်ဖြစ်သည်။
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ အား ဇွန်လ ၃၀ ရက် နံနက် ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ရုံး သံတမန်ဆောင်ဧည့်ခန်းမတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်တို့ကို လက်ရောက်ချီးမြှင့်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော် အကြီးအကဲကသံအမတ်ကြီးအား ဂုဏ်ပြုစကားပြောကြားရာ၌ “အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် ရိုးရိုးသံအမှုထမ်းမှ သံအမတ်ကြီးတာဝန်အထိ ၁၄ နှစ်တာကာလခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ကို ကြုံတွေ့ခဲ့ရသဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အတွေ့အကြုံများစွာကို ရရှိပြီးဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် သံအမတ်ကြီးတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း မြန်မာ - ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၅)နှစ်ပြည့်မြောက်သည့် အချိန်ဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း အဆွေတော်၏ တာဝန်ထမ်းဆောင်မှုမှာ နိုင်ငံရေးအပြောင်းအလဲများအကြား ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ကြီးမားကျယ်ပြန့်ပါကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ယခင်ကထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့ရခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့သည် မြန်မာနိုင်ငံရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးတွင် သံအမှုထမ်းဘဝမှ သံအမတ်ကြီးဖြစ်လာသည်အထိ တာဝန်များလာရောက်ထမ်းဆောင်ခဲ့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တပ်မတော်အစိုးရခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို ကြုံတွေ့ခဲ့ပြီး သံကောင်းတမန်ကောင်းပီသစွာ နှစ်နိုင်ငံအကြား ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရသည့်ကာလတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ဘက်ပေါင်းစုံမှနီးကပ် စွာဆက်ဆံမှုများမှာ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့သည်။
သံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့သည် မြန်မာ ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်၊ ရေးနိုင်သူတစ်ဦးဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီးဖြစ်သည်အထိ မြန်မာ- ရုရှားနှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ခဲ့ခြင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုနီးကပ်အောင် တည်ဆောက်ပေးနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံတွင် သံတမန်အဖွဲ့နာယက တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ခြင်း၊ ဗုဒ္ဓစာပေများကိုရုရှား ဘာသာဖြင့်ရေးသား၍ ပြန့်ပွားအောင်ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်လည်း မြန်မာ-ရုရှားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနီးကပ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်ဟု မြန်မာနိုင်ငံက အသိအမှတ်ပြုထားသည်။
အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား သံတမန်များအပြန်အလှန် စေလွှတ်ခန့်ထားဆက်ဆံကြရာတွင် သံအမတ်ကြီးများသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကြရေးတွင် အမြော်အမြင်ကြီးစွာဆောင်ရွက်ကြရသော ကြီးလေးသည့်တာဝန်များကို ထမ်းဆောင်ကြရသူများဖြစ်သည်။ မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ (၇၅) နှစ်ပြည့်မြောက်ပြီဖြစ်သော အခါသမယတွင် “ခင်ရာဆွေမျိုး” ဟူသော မြန်မာ့ဆိုရိုးစကားအတိုင်း မိတ်ကောင်းဆွေကောင်း၊ သံကောင်းတမန်ကောင်းအဖြစ် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူ ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့ခြင်းအပေါ် နှစ်ထောင်းအားရဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါကြောင်း။ ။