Skip to main content

နိုင်ငံ့လူဦးရေထက်ဝက်ကျော်ရှိ အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးရေး

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံပြီး ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၅ ဒသမ ၈ သန်းရှိသည်။ အဆိုပါလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားဦးရေထက် နှစ်သန်းကျော် ပိုမိုများပြားရာ နိုင်ငံအတွက် အဖိုးတန်သော လူသားအရင်းအမြစ်များပင်ဖြစ်သည်။

သို့ရာတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နှစ်ချုပ်အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် အမျိုးသားစာတတ်မြောက်မှုနှုန်းအောက် ၆ ရာခိုင်နှုန်းခန့်လျော့နည်းနေခြင်း၊ အသက် ၁၅ နှစ်နှင့်အထက်လူဦးရေ၏ လုပ်သားအင်အား ပါဝင်မှုနှုန်းတွင်လည်း အမျိုးသားလုပ်သားအင်အား ပါဝင်မှုနှုန်းအောက် အနည်းငယ်လျော့နည်းနေခြင်းတို့ကို တွေ့ရသည်။ အဆိုပါ အစီရင်ခံစာအရ အမျိုးသမီးဦးရေ ၁၀၀ တွင် ၅၂ ဦးခန့်သာ အလုပ်လုပ်နေခြင်းဖြစ်ရာ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏လုပ်အားကို အပြည့်အဝအသုံးမချနိုင်သေးသည့် အခြေအနေပင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် “ဒီကိန်းဂဏန်းအချက်အလက်တွေအရ အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွားဘဝ အခြေအနေမြင့်မားရေးအတွက် ပညာသင်ကြား တတ်မြောက်ရေးကို မြှင့်တင်ပေးဖို့လိုပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်ရှိ အမျိုးသမီးများရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည်များ ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်ကြောင်း တွေ့ရှိရပါတယ် ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသမီးများနှင့်စပ်လျဉ်း၍ အကာအကွယ်ပြုရမည့်အချက်မှာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်သည်။ စင်စစ်အိမ်တွင်းအကြမ်းဖက်မှုများသည် မြန်မာ့ဓလေ့ယဉ်ကျေးမှုများနှင့် ဖီလာဆန့်ကျင်နေသော်လည်း မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် များစွာအသံမထွက်ဘဲရှိနေသည်ကို သတိပြုရန်လိုသည်။ အိမ်တွင်းအကြမ်းဖက်မှုများဆိုသည်မှာ လင်နှင့်မယား၊ မိဘနှင့်သားသမီး၊ သမီးရည်းစားတို့အကြားတွင် ကျူးလွန်သည့် အကြမ်းဖက်မှုများပင်ဖြစ်သည်။ အကြမ်းဖက်သည့် အပြုအမူများတွင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ဂုဏ်သိက္ခာညစ်နွမ်းစေခြင်း၊ ပိတ်လှောင်ချုပ်နှောင်ထားခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ သီးခြားခွဲထားကာ ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေခြင်း၊ ငွေကြေးလက်ဝါးကြီး အုပ်ထားခြင်း၊ ဆန္ဒမပါဘဲ လိင်ဆက်ဆံမှုပြုစေခြင်း၊ မကျန်းမာချိန်တွင် ဆေးကုသမှုမပေးခြင်း စသည်တို့ပါဝင်ပြီး အိမ်တွင်းအကြမ်း ဖက်မှုများတွင် အများစုမှာ အမျိုးသမီးများအပေါ် ကျူးလွန်ကြခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ အမျိုးသမီးဦးရေ ၁၀၀ တွင် ၁၅ ဦးသည် အသက် ၁၅ နှစ်အရွယ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေကြရပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိ အိမ်ထောင်သည်အမျိုးသမီး ၅ ပုံ ၁ ပုံသည် အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုကို တွေ့ကြုံခံစားနေကြရသည်ဟုဆိုရာ အိမ်တွင်းအကြမ်းဖက်မှု အပြုအမူများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ထိရောက်စွာ ကာကွယ်ပေးခြင်းတို့ကို မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းတစ်ရပ်လုံးက အလေးအနက်ပြုကြဖို့လိုသည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော် အမျိုးသမီးများ တည်ရှိနေသည့် မိမိတို့နိုင်ငံအတွက် လွန်စွာအရေးကြီးသည့်အလျောက် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃ - ၂၀၂၂) ရေးဆွဲဆောင်ရွက်ခဲ့ရာ ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ ပိုမိုတိုးတက်မြင့်မားလျက်ရှိသည်။ အမျိုးသမီးငယ်ရွယ်များ၏ လူမှုစီးပွားဘဝများ မြင့်မားရေးအတွက် ပညာသင်ကြားတတ်မြောက်ရေး၊ အမျိုးသမီးများ အလုပ်လုပ်နိုင်သည့် စွမ်းရည်များကျွမ်းကျင် ပိုင်နိုင်ရေးတို့သည် မိသားစုဝင်များနှင့်တကွ အမျိုးသမီးငယ်ရွယ်များ၏ အမြော်အမြင်ကြီးစွာဖြင့် ကိုယ်တိုင်အားထုတ်ကြိုးပမ်း ကြရမည့်အရာများ ဖြစ်သည့်အလျောက် လုံ့လဝီရိယစိုက်ထုတ် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။