“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသော ကုန်ကြမ်းပစ္စည်းများအပေါ်မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ကာ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ တိုးတက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာ၌ လယ်ယာကဏ္ဍကို အခြေခံ၍ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ သဘာဝ၊ သယံဇာတအရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အစိုးရကလည်း အစိုးရစွမ်းပကား၊ ပြည်သူကလည်း ပြည်သူစွမ်းပကားဖြင့် တစ်ယောက်တစ်လမ်း လုပ်ကိုင်ဆောင်ရွက်ကြလျှင် စီးပွားရေးအောင်မြင်မှုရရှိနိုင်မည်မဟုတ်ပေ။
“အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်များ ဆောင်ရွက်ကြခြင်းဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ရောင်းဝယ်ခြင်းဝန်ဆောင်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန်မှီခိုနေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး ဆောင်ရွက်ပေးနိုင်ရေး” နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားသည်။ နိုင်ငံတော်၊ ထုတ်လုပ်သူ၊ ဝန်ဆောင်သူတို့ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုအားကြောင့် ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့ပြီး ပြည်သူများ၏စီးပွား၊ နိုင်ငံတော်၏စီးပွား တိုးတက်လာသည့်အခါ ခေတ်မီတိုးတက်သောစက်မှုကဏ္ဍကိုပါ ပေါင်းစပ်တည်ဆောက်လာနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လုပ်မှုများ အားကောင်းရန် ဦးစွာလိုအပ်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်၌ မိုးစပါးစိုက်ဧက ၁၄ ဒသမ ၉ သန်းရှိပြီး ခြောက်သန်းကျော်သာ သီးထပ်စိုက်နိုင်သည်။ မိုးစပါးစိုက်ပျိုးပြီးချိန်တွင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာနှင့် အခြားသီးနှံများ စိုက်ပျိုးကြပြီးကျန်ရှိသည့် ဧက ခုနစ် သန်းကျော်တွင် သီးထပ်များစိုက်ပျိုးခြင်းမရှိပေ။ သီးထပ်များမစိုက်ပျိုးနိုင်ခြင်းသည် အကြောင်းအမျိုးမျိုးရှိမည်ဖြစ်သော်လည်း စိုက်ပျိုးနိုင်သည့်အခြေအနေရှိသော ဒေသများတွင် မဖြစ်မနေစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသော ကုန်ကြမ်းပစ္စည်းများအပေါ်မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုအပိုင်း၊ ကုန်သွယ်မှုအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်းဟူ၍ အပိုင်းသုံးပိုင်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုကောင်းသော်လည်း ကုန်သွယ်မှု၊ ဝန်ဆောင်မှုမကောင်းလျှင် အချည်းအနှီးပင်ဖြစ်မည်။ အဆိုပါအပိုင်းသုံးပိုင်းသည် နိုင်ငံ၏ဂျီဒီပီတွက်ချက်မှုတွင် ပါဝင်သည်။ အဆိုပါကဏ္ဍများ၌ စက်မှုကုန်ထုတ်လုပ်မှုနှင့် အခြားလုပ်ငန်းများ များစွာပါဝင် သည်။ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်းကြောင့် ထိုက်သင့်သည့်ဈေးနှုန်းထက် ကြီးမြင့်နေသည်ကို တွေ့ရသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ စတင်လိုက်သည့် ကုန်ထုတ်လုပ်မှုသည် စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို များစွာပြောင်းလဲသွားနိုင်သည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး အခြားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကုန်ထုတ်စွမ်းအားများ ယခင်ကထက် သိသာစွာတိုးတက်လာခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွား ပြန်လည်ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်။ ဆက်လက်၍ နိုင်ငံ့စီးပွားတိုးတက်လာစေရန်အတွက် ကုန်သွယ်မှုအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်းများ အားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုကို အဓိကမောင်းနှင်နေကြသူများသည် နိုင်ငံအတွင်း တစုတစည်းတည်းဖွဲ့စည်းထားသည့် ကုန်သည်ညီနောင်များဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာစေရန်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင်ဆောင်ရွက်ပြီး ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင်လည်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန်အမှီသဟဲပြု၍ တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြပါက လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများတိုးတက်ပြီး နိုင်ငံ့စီးပွား မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။