Skip to main content

မဖြစ်မနေဆောင်ရွက်သွားရမည့် တရားမဝင်ကုန်သွယ်မှုပပျောက်ရေး

နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် များစွာအဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေသည့် တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရေးဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေးဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များက တားဆီးစစ်ဆေး ဖမ်းဆီးအရေးယူမှုများပြုလုပ်ပြီး အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ခဲ့သည့်တိုင် ဆက်လက်လိုအပ်နေခြင်းဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှု တွဲ ၂၂၄၀ နှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၈ ဒသမ ၄၅၉ ဘီလီယံ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ ၄၂၃၂ မှုနှင့် ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံအထိရှိခဲ့ရာ ကာလတူအတွင်း ဖမ်းဆီးရမိမှု အမှုတွဲများအရရော ခန့်မှန်းတန်ဖိုးအရပါ အဆများစွာ တိုးတက်ကွာခြားခဲ့သည်ကို တွေ့ရသည်။ စစ်ဆေး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရာတွင် ကုန်သွယ်မှု လမ်းကြောင်းများ၊ စစ်ဆေးရေးစခန်းများ၌သာမက တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်နိုင်သည့် သိုလှောင်ရုံများနှင့် အဆောက်အအုံများကိုပါ သတင်းရယူ ဝင်ရောက်စစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ဖမ်းဆီးရမိမှုများ တိုးတက်ခဲ့ခြင်းလည်းဖြစ်သည်။ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ တရားဥပဒေစိုးမိုးမှုအားနည်းပြီး ထိန်းချုပ်ရန် ခက်ခဲသည့် နယ်စပ်မျဉ်းများနှင့် တရားမဝင်ဝင်ထွက်ပေါက်များ၊ မှောင်ခိုရှောင်ကွင်းလမ်းများအပြင် အကျင့်ပျက်ဝန်ထမ်းအချို့ကြောင့်လည်း တရားမဝင်ကုန်ပစ္စည်းများမှာ နိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိလာနိုင်ရာ သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ စစ်ဆေးအရေးယူနိုင်ရန် လိုအပ်မည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုဖြစ်ရခြင်း အကြောင်းရင်းများတွင် အစိုးရ၏မူဝါဒ (Government Policy)၊ ရောင်းလိုအားနှင့် ဝယ်လိုအား (Supply and Demand)၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု (Transparency and Trade)၊ အကောက်ခွန် လုပ်ငန်းဝန်းကျင် (Customs Environment) စသည့် အခြေခံကျသော အချက်များသာမက နိုင်ငံအတွင်း မတည်ငြိမ်သော ဒေသများရှိနေခြင်း၊ နယ်စပ်ဒေသများ ရှည်လျားပြီး စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဝန်ထမ်းအင်အားနှင့် စွမ်းဆောင်ရည်နိမ့်ကျခြင်း၊ အကျင့်ပျက်မှုများ ရှိနေခြင်းတို့ကလည်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများပင် ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုများတွင် ဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးတို့အတွက် နိုင်ငံတော်အကြီးအကဲပိုင်းက ထပ်ကာထပ်ကာ မှာကြားမှုများ ပြုလုပ်နေသည့်အပြင် တရားမဝင်ကုန်သွယ်မှုများတွင် ဝန်ထမ်းများ ငွေကြေးတောင်းခံခြင်း၊ တံစိုး လက်ဆောင်ရယူခြင်းများ မရှိစေရေး သတိပေးညွှန်ကြားမှုများ ပြုလုပ်ခဲ့ပြီး အကြိမ်ကြိမ်သတိပေးထိန်းကျောင်းနေသည့် ကြားမှ တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေ သည့် ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက စံနမူနာပြအနေဖြင့် ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးသည် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ ရေး၊ ပြည်တွင်းရှိ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပြည်တွင်းလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့နှင့်ပါ ဆက်နွှယ်နေသည့်အတွက် မိမိတို့နိုင်ငံတွင် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ဆက်စပ်နေသည့် တာဝန်ရှိဌာန အသီးသီးတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်အပြင် ပြည်သူများ၏ သတင်း‌ပေးပို့မှု၊ ပူးပေါင်းပါဝင်မှုတို့ကလည်း လွန်စွာအရေးပါသည့်အလျောက် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှု၏ အန္တရာယ်ကို တိုက်ဖျက်ရာတွင် အားလုံးပါဝင်ကြရပါမည့်အကြောင်း။ ။