Skip to main content

ရိုးရာနည်းစားသုံးမှုကို ထိန်းသိမ်း နိုင်ငံ့စီးပွားဖွံ့ဖြိုးမှု ထောက်ကူ

မြန်မာနိုင်ငံသားများသည် ဆီစားသုံးမှုကို ရှေးရိုးအစဉ်အလာအတိုင်း နှစ်သက်မက်မောကြသည်။ အစားအသောက်များတွင် ဆီရွှဲရွှဲလေးပါဝင်မှ နှစ်သက်ကျေနပ်ကြသည်။ လက်ဖက်၊ ငါးရံ့ခြောက်တို့ကို ဆီစိမ်ပြီးမှ စားသုံးကြသည်။ ဟင်းလျာများတွင်လည်း ဆီများနစ်နေမှ နှစ်သက်ကြသည်။ အရသာရှိသော စားသောက်ဖွယ်ရာများဖြစ်၍ ကျေနပ်ကြသော်လည်း ငွေကြေးအပိုကုန်ကျမှုနှင့် ကျန်းမာရေးထိခိုက်မှုတို့ကို သတိပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူတစ်ယောက်အနေဖြင့် ဆီစားသုံးမှုတစ်နှစ်လျှင် ၁၂ ကီလို ခန့်(၆ ပိဿာကျော် ၇ ပိဿာခန့်)ရှိသည်။ တစ်လလျှင်လူတစ်ယောက်သည် ၆၀ သား၊ ၇၅ ကျပ်သားခန့် စားသုံးမှုရှိသည်။ ပြည်သူအားလုံး တစ်နှစ်တာဆီစားသုံးမှုမှာ တန်ချိန်တစ်သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ တန်ချိန်တစ်သန်းတွင် တန်ချိန်ရှစ်သိန်း (၈၀ ရာခိုင်နှုန်း)သည် စားအုန်းဆီဖြစ်သည်။ ကျန်တန်ချိန် နှစ်သိန်းမှာ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် ပြည်ပမှတင်သွင်းနေသည့် နေကြာဆီ၊ ပဲပုပ်ဆီတို့ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းသုံးစားအုန်းဆီကို ပြည်ပမှ အများဆုံးတင်သွင်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံအမျိုးမျိုးတို့ကို စိုက်ပျိုးနိုင်သောနိုင်ငံဖြစ်သည်။ သို့သော် ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးမှု အပြည့်အဝမရှိပေ။ ထို့ကြောင့် စားသုံးဆီလိုအပ်ချက်ရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန်အမြောက်အမြားတင်သွင်းနေရသည်။ နိုင်ငံခြားငွေ အပိုကုန်ကျလျက်ရှိသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးခြင်း၊ ရိုးရာနည်းဖြင့် ဆီစားသုံးမှုချင့်ချိန်ချွေတာလျှော့ချခြင်း စသည့် နည်းလမ်းများဖြင့် မိမိတို့အကျိုး၊ တိုင်းပြည်အကျိုးရှိလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်တွင်းစားသုံးမှု စားသုံးဆီလိုအပ်ချက် နှစ်စဉ်မြင့်မားလျက်ရှိသောကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရမှုကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်းလိုအပ်ချက်ကို ဦးစွာဖြေရှင်းကြရမည်ဖြစ်သည်။ “ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့ခြင်းထက် ဆီထုတ်လုပ်ခြင်း၊ ရိုးရာနည်းဖြင့် စားသုံးမှုများကိုထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း” ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲက စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မိုးစပါးဧက ၁၄ သန်းကျော်စိုက်ပျိုးပြီး မိုးစပါးစိုက်ပြီးချိန်တွင် ဧကခြောက်သန်းကျော်၌ မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံများအပါအဝင် အခြားသီးထပ်များစိုက်ပျိုးကြသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ဖြေရှင်းနိုင်ရန်ဆီထွက်သီးနှံများ သီးထပ်စိုက်ဧကတိုးမြှင့်ပြီး ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် စိုက်ပျိုးကြရန်လိုအပ်သည်။ အထွက်ကောင်းမျိုးများ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဆီထွက်သီးနှံသုတေသနတွေ့ရှိချက်များကို တောင်သူများအားမျှဝေရေး၊ အထွက်နှုန်းတိုးရေးအတွက် မျိုးကောင်းမျိုးသန့်သာမက မြေဩဇာထည့်သွင်းရေး၊ ရေလုံလောက်ရေး၊ မြေပြုပြင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးစသည်တို့ကို ကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ပျိုးမှုမှာ စားအုန်းဆီပင်မပါ စိုက်ဧကရှစ်သိန်းရှိသည်။ တောင်သူများအနေဖြင့် ဆီထွက်သီးနှံများကို မိုးစပါးအပြီးစိုက်ပျိုးကြသည်။ စပါးမစိုက်ဘဲ ယာသီးနှံစိုက်ပျိုးသည့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများ၌ ဆီထွက်သီးနှံများစိုက်ပျိုးကြသည်။ စိုက်ဧကများကိုတိုးတက်ဆောင် ရွက်နိုင်သည့်အတွက် ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စားသုံးဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်၍ ပြည်ပမှ နှစ်စဉ်စားသုံးဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန်များကို ဆီထွက်သီးနှံကဏ္ဍမှ မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်ပြောင်းလဲသွားနိုင်သည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းကို ပြည်ပသို့တင်ပို့ခြင်းထက် ပြည်တွင်းဆီထုတ်လုပ်ခြင်းလုပ်ငန်းများ၌ အသုံးပြုမည်ဆိုပါက ပြည်တွင်းဆီစက်များ လည်ပတ်လုပ်ကိုင်နိုင်ခြင်း၊ တိရစ္ဆာန်အစားအစာများအတွက် လိုအပ်သည့်နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာပြီး ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြုမည်ဖြစ်သည့်အပြင် လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ် စသည့်ဆီထွက်သီးနှံများ လက်ရှိအထွက်နှုန်းအတိုင်း ဆီထုတ်လုပ်မည်ဆိုပါက စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် လက်ရှိစိုက်ဧကများကို ပံ့ပိုးကူညီပေးခြင်း၊ သီးထပ်စိုက်ဧကများ တိုးတက်အောင်ဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာနည်းဖြစ်သည့် ဆီစားသုံးမှုအလေ့အထကို ကျန်းမာရေး၊ စီးပွားရေးအသိဖြင့် လျှော့ချခြင်းဖြင့် ပြည်ပမှစားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံ,အယ်ဒီတာ့အာဘော်