Skip to main content

လယ်ယာကဏ္ဍထုတ်ကုန်မြှင့်တင် နိုင်ငံ့စီးပွားတိုးတက်မြင့်မား

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးကဏ္ဍများ အားကောင်းစွာရှိနေသော်လည်း ထုတ်လုပ်မှုလိုအပ်ချက်များရှိ၍ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်လိုအပ်နေသည်။ လယ်ယာကဏ္ဍ ထုတ်လုပ်မှုလိုအပ်ချက်များကို ဆန်းစစ်ဖွေရှာ၍ တိုးတက်ဆောင်ရွက်နိုင်မည့်လမ်းကြောင်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တွန်းအားပေးဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်စိုက်ပျိုးရေးရာသီ၌ မိုးစပါး ၁၄ ဒသမ ၉ သန်း စိုက်ပျိုးပြီး လယ်ယာအနေဖြင့် ၁၃ သန်းကျော်ရှိသည်။ အဆိုပါ စိုက်ဧက ၁၃ သန်း ကျော်တွင် စိုက်ဧက ၆ ဒသမ ၆ သန်း၌ သီးထပ်အခြားသီးနှံများ စိုက်ပျိုးကြသည်။ အဆိုပါအနေအထားသည် မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားနှင့်အခြား စိုက်ပျိုးကြသူများအနေဖြင့် ပုံမှန်အနေအထား စိုက်ပျိုးနေကြခြင်းဖြစ်သည်။ မြေ၊ ရေ၊ ရာသီဥတု၊ သွင်းအားစုနှင့် ဈေးကွက်အခြေအနေများအပေါ်မူတည်၍ တောင်သူတို့၏ စိုက်ပျိုးစွမ်းအားများ အတက်အကျရှိမည်။ တောင်သူလယ်သမားများ စိုက်ပျိုးရေးအထွက်နှုန်းကောင်းမွန်ပြီး တွက်ခြေကိုက်မှ လယ်ယာထွက်ကုန်များ မြင့်မားလာပြီး စီးပွားရေးတိုးတက်လာမည်ဖြစ်သည်။

လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်လာရန်အတွက် နိုင်ငံတော်အကြီးအကဲက အခါမလပ်လမ်းညွှန်အကြံပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်ရှိသည့်အနက် သီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သည့် စိုက်ပျိုးမြေဧက ၇ ဒသမ ၃ သန်းတွင် ပဲအမျိုးမျိုး၊ နေကြာ၊ ပီလောပီနံ၊ သို့မဟုတ် သီးနှံတစ်မျိုးမျိုးစိုက်ပျိုး၍ တစ်ဧကလျှင် ၁၀ သိန်းဖိုးခန့် ထုတ်လုပ်နိုင်မည်ဆိုပါက ငွေကျပ် ၇၃၀၀ ဘီလီယံနှင့်ညီမျှသည့် ထုတ်ကုန်ပစ္စည်းများ ရရှိနိုင်မည်ဖြစ်သည်။ လယ်တစ်ဧကအထွက်နှုန်း၏ ပန်းတိုင်ရည်မှန်းချက်မှာ စပါးတင်း ၁၀၀ ဖြစ်သည်။ လက်ရှိစိုက်ပျိုးမှုအခြေအနေတွင် ပျမ်းမျှစပါး ၇၅ တင်းခန့်သာ ထွက်ရှိသည်။

လက်ရှိစိုက်ပျိုးဧက အထွက်နှုန်းအရ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်းခန့် ပြည်ပသို့ တင်ပို့နေသည်။ တစ်ဧကတင်း ၁၀၀ ထွက်ရှိအောင် စိုက်ပျိုးနိုင်မည် ဆိုပါက တစ်ဧကလျှင်စပါး ၂၅ တင်းနှုန်း ပိုမိုထွက်ရှိလာမည်ဖြစ်သဖြင့် စပါးတင်းပေါင်း ၃၇၅ သန်းခန့် ပိုမိုထွက်ရှိလာမည်ဖြစ်သည်။ ပျမ်းမျှစပါးတစ်တင်းလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ဆန်စပါးထုတ်လုပ်မှုတန်ဖိုး ၃၇၅၀ ဘီလီယံ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ထိုသို့ ပိုမိုထုတ်လုပ်နိုင်ခြင်းကြောင့် တောင်သူလယ်သမားများ၏ ငွေကြေးလည်ပတ်သုံးစွဲမှုများ တိုးတက်လာမည်ဖြစ်၍ ပြည်တွင်းငွေကြေးသုံးစွဲမှုများပါ တိုးတက်လာမည်ဖြစ်သည်။

လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောင်းလိုအားများနှင့် ဝယ်လိုအားများကို တွက်ချက်ကြည့်မည်ဆိုပါက ဘီလီယံ ၈၀၀၀ ခန့် တိုးတက်လာမည်ဖြစ်သည်။ ပိုမိုထွက်ရှိလာသည့်စပါးများကို ဆန်အဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချမည်ဆိုပါက နိုင်ငံခြားဝင်ငွေ သန်းပေါင်းများစွာ တိုးတက်ရရှိလာမည်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်လာပါက ကျွဲကူးရေပါသလို ပြည်သူများ၏ လူမှုစီးပွားဘဝများ လိုက်ပါမြင့်မားတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သဘာဝကပေးထားသော ရေ၊ မြေ တို့နှင့် လူသားအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းဖြင့် လယ်ယာကဏ္ဍကြီးမှ ဂျီဒီပီပါဝင်မှုအချိုးသည် များစွာတိုးတက်လာမည်ဖြစ်သည်။

အလားတူ ဆီထွက်သီးနှံကဏ္ဍသည်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုနေသည်။ ယခုစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (ဆီအုန်းမပါ) တွက်ချက်ကြည့်ပါက စိုက်ဧကရှစ်သိန်းစိုက်ပျိုးခဲ့ပြီး ဒေသအလိုက်အထွက်နှုန်းများအရ ဆီတန်ချိန် ၆ ဒသမ ၉ သိန်းရရှိသည်ကိုတွေ့ရသည်။ ဆီထွက်သီးနှံအားလုံးကို ဆီထုတ်လုပ်မည်ဆိုပါက တစ်နိုင်ငံလုံး ဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။ မြေပဲနှင့်နှမ်း စသည့်သီးနှံများကို အခြားနည်းများဖြင့် စားသုံးမှုများရှိသကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချခဲ့သည်။ ပြည်ပသို့ တင်ပို့မှုမှရောင်းချရသည့်ဝင်ငွေနှင့် ပြည်ပမှတင်သွင်းရာတွင် ကုန်ကျရသည့် ထွက်ငွေကွာခြားနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုကို တိုးတက်ထုတ်လုပ်ပြီး စားသုံးမှုကို လျှော့ချဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းတွင် အထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ကောင်းများ ရရှိလာနိုင်ရာ လယ်ယာကဏ္ဍ၏ ကုန်ထုတ်စွမ်းအားများကိုမြှင့်တင်ပြီး လူမှုစီးပွား၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။       ။