“ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများ မြင့်မားလာခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့် ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ သို့သော် ထုတ်လုပ်မှုနှင့် စားသောက် မှုမမျှတခြင်းကို မိမိတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)တွင် ပြောကြားခဲ့သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရာ၌ စက်ရုံ၊ အလုပ်ရုံများကို အပြည့်အဝလည်ပတ်နိုင် ရန်လိုအပ်သည်။ ယခုအခါ အစိုးရစက်ရုံများ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်နိုင်မှုမရှိခြင်းနှင့် ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ မလည်ပတ်နိုင်ခြင်းတို့ကြောင့် ထုတ်ကုန်များနည်းပါးနေခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိထားသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အပြည့်အဝလည်ပတ် နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာရေးတို့ကို တွန်းအားပေးဆောင်ရွက်နေသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု ၃ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည့် မှတ်တမ်းများအရ သိရသည်။ စီးပွားရေးအနုတ်ပြသည့် အခြေအနေမှ အပေါင်းဖြစ်အောင် အထိုက်အလျောက်တိုးတက်လာသည်။ သို့သော် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျဖြင့် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များရှိနေ သေးသည်။
နိုင်ငံတကာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သမားရိုးကျလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ခေတ်မီနည်းဖြင့် စနစ်တကျလုပ်ကိုင်ကြသောကြောင့် အောင်မြင်တိုးတက်လျက်ရှိသည်။ ယင်းကို လေ့လာအတုယူ လုပ်ကိုင်ဆောင်ရွက်နိုင် ရန်လိုသည်။ သာဓကအားဖြင့် သီးနှံထွက်ကုန်များထွက်ရှိနိုင်မှု မကွာခြားသော်လည်း အရည်အသွေး၊ အရေအတွက်ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အလားတူထွက်ရှိသော အခြားနိုင်ငံမှ အသီးအနှံများမှာ ပိုမိုဈေးကွက်ဝင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ မွေးမြူရေးကဏ္ဍတွင် မွေးမြူရေးအစားအစာကုန်ကြမ်းများ အလုံအလောက်ရှိသော်လည်း အားဖြည့်အစားအစာများ ကို ပြည်ပမှ တင်သွင်းနေရသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်သဘာဝအစားအစာများ အလုံအလောက်ရှိပြီး မြက်စိုက်ပျိုးနိုင်သည့်မြေများလည်း များစွာရှိသည်။ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်များကို လေ့လာ၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးလုပ်ဆောင်ကြရန်၊ ထိုကဲ့သို့ တီထွင် ကြံဆလုပ်ကိုင်ခြင်းမရှိသောကြောင့် မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတဘဲ ကုန်ဈေးနှုန်းများကြီးမြင့်နေရခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုမျှခြေရှိမည် ဆိုပါက ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများကို အားထည့်ဆောင်ရွက်ပြီး အထွက်နှုန်းကောင်းအောင် ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ခြင်း၊ အသား၊ ငါးဈေးနှုန်းများ ကျဆင်းရေးသည် မိမိတို့အစိုးရ၏ ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စတစ်ရပ်ဖြစ်ခြင်းတို့ကို နိုင်ငံတော် အကြီးအကဲက အသိပေးပြောကြားထားသည်။
စိုက်ပျိုးမွေးမြူရေးထွက်ကုန်များနှင့် ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖူလုံရေးအတွက်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များနှင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုသည်။ ထိုမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည်။ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ပါက နိုင်ငံခြားငွေများရရှိလာပြီး နိုင်ငံ့စီးပွား မြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရေးနှင့် တစ်ဧကအထွက်နှုန်းများတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး၊ သီးထပ် စွမ်းအားမြှင့်တင်ရေး၊ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေးနှင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စွမ်းအားပြည့်ဆောင်ရွက်ပြီး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပါက တိုင်းပြည်ဝင်ငွေ တိုးတက်ရရှိလာမည့်အပြင် နိုင်ငံခြားငွေလိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်၍ ကုန်ထုတ်လုပ်မှုတိုးတက်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။