နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ပထမဆုံးအချက်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” လုပ်ငန်းစဉ်ချမှတ်ထားသည်။ တပ်မတော်သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ယခုအခါ ယခင်ထက် တည်ငြိမ်အေးချမ်းမှုများ ရရှိလာသည်။
သို့သော် NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သော အကြမ်းဖက်အားပေး ပြည်ပမှဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် အချို့သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ရှိနေသေးသည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်းရဟန်းသံဃာနှင့်သီလရှင် လေးပါး၊ အပြစ်မဲ့ပြည်သူ ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့သည်။ ထို့အပြင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်းမာရေးအဆောက်အအုံတစ်လုံး၊ ဘာသာရေးအဆောက်အအုံ ၁၁ လုံး၊ လူနေအဆောက်အအုံ ၇၆ လုံး၊ လမ်းတံတားနှင့်တိုးဂိတ် ၉၄ ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး တာဝါတိုင် ၂၆ ခုအပါအဝင် အခြားအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်။
အလွန်ဆိုးရွားသည့်အချက်မှာ မြန်မာနိုင်ငံ၏ပညာရေး နိမ့်ပါးကျဆင်းလာစေရန် အကြမ်းဖက်သမားများက ဦးတည်လုပ်ဆောင်နေခြင်းဖြစ်သည်။ အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခြင်းများ ကျူးလွန်လျက်ရှိသည်။ မကြာသေးမီက ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကျေးရွာခြောက်ရွာမှ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ရိုက်နှက်ခြိမ်းခြောက်ခြင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကလေးငယ်အပါအဝင် ဆရာ ဆရာမ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများ ပညာ ရည်မြင့်မားလာစေရန် အလွန်အရေးကြီးသည့်အတွက် ပညာရည်ပြည့်ဝနေစေရန်၊ အတန်းပညာတတ်မြောက်ရန်၊ တတ်မြောက်ထားသည့် အတန်းပညာနှင့်အညီ အတတ်ပညာတတ်မြောက်စေရန်၊ အသိပညာမြင့်မားစေရန်တို့ကို ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ အနာဂတ်နှင့် ပြည်သူများ၏အနာဂတ် တိုးတက်ပြောင်းလဲလာစေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိနေသည်ကို မနာလို မရှုဆိတ်ဖြစ်နေသည့် အကြမ်းဖက်အဖျက်သမားများက ပညာရေးနိမ့်ပါးကျဆင်းလာစေရန် အကြမ်းဖက်နည်းလမ်းဖြင့် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
“အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများ သေကျေမှုသည် ပြည်သူကို အညှာအတာကင်းမဲ့စွာ၊ လူသားမပီသစွာ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ်သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့် လူမှုစီးပွားပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကျမှုများ ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ဆိုးရွားသော တိုင်းပြည်ဖျက်လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုအပ်ပါကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)တွင် ပြောကြားခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များသည် အစိုးရနှင့်လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်၍ ပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းပင်ဖြစ်သည်။ ပြည်သူတို့အနေဖြင့် လူမှုစီးပွားများ ထိခိုက်လာသည်ကို မလိုလားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြခြင်းကြောင့် အကြမ်းဖက်သမားများကို နှိမ်နင်းတိုက်ဖျက်နိုင်မှုများ များစွာရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိရောက်ရောက်လုပ်ဆောင်နေသဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် အပြည့်အဝအောင်မြင်လာမည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်