နေပြည်တော် ဇူလိုင် ၂၄
ရန်ကုန် - မန္တလေး ပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် အခြားသူများကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုနေထိုင်ခြင်း၊ စည်းကမ်းမဲ့ကွမ်းတံတွေး ထွေးခြင်းပြုလုပ်ခဲ့သူ အမျိုးသမီးလေးဦးကို အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မြန်မာမီးရထားအနေဖြင့် ပြည်သူများသက်သောင့် သက်သာဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထား တွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များ အတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားတွင်းသန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်းမပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာအသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များကို နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
ထိုသို့ ထုတ်ပြန်ကြေညာထားရှိသော်လည်း ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ ထွက်ခွာလာသည့် အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထား၊ အထက်တန်းတွဲ (၁)၊ ခုံအမှတ် 3A, 3B, 4A, 4B တို့တွင် လိုက်ပါစီးနင်းခဲ့ကြသည့် အမျိုးသမီးလေးဦးသည် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေအောင် စကားကျယ်လောင်စွာပြောဆိုခြင်း၊ ကွမ်းယာစားပြီး ထိုင်ခုံအစွပ်များတွင် ကွမ်း/ထုံးနှင့် ကွမ်းတံတွေးများအား ပေကျံစေခြင်း၊ ကွမ်းတံတွေးထည့်ထားသည့် ဘူးများအား စည်းကမ်းမဲ့ ထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တာဝန်သိခရီးသွားပြည်သူများက သတင်းပေးပို့ တိုင်ကြားလာခဲ့သည်။
ထိုသို့ တိုင်ကြားချက်အရ မြန်မာ့မီးရထားနှင့် မီးရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စိစစ်ဆောင်ရွက်ခဲ့ရာ အဆိုပါအထက် တန်းတွဲ(၁)၊ ခုံအမှတ် 3A, 3B, 4A, 4B တို့တွင် လိုက်ပါစီးနင်းခဲ့သူများမှာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်နေ ခင်မာလွင် (၅၉) နှစ်၊ ဖြူဖြူလွင် (၅၇) နှစ်၊ သန်းသန်းထွေး (၄၈) နှစ်နှင့် ခင်သန္တာအောင် (၅၀) နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လေးဦးသည် ရထားပေါ်တွင် အခြားသူများကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုနေထိုင်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပျဉ်းမနားမြို့မရဲစခန်း၌ (ပ)၂၃၃/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
