နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိအောင် ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးဂရုပြုဆောင်ရွက်ပေးနိုင်ရန် အရေးကြီးသည်။ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လွှမ်းခြုံဆောင်ရွက် နိုင်သည်နှင့်အမျှ ကလေးငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အပေါ် အကျိုးသက်ရောက်မှုများရရှိလာမည် ဖြစ်ပြီး ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အောက် ကလေးငယ်များတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး ၄ ဦးလျှင် ၁ ဦးနှုန်းသည် ပုညှက်နေကြောင်းနှင့် စစ်တမ်းကောက်ယူလေ့လာမှုများအရ အသက် ၅ နှစ်အောက်ကလေးငယ်များ အာဟာရချို့တဲ့နှုန်း တဖြည်းဖြည်းလျော့ကျလျက်ရှိသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်စံနှုန်းဖြစ်သည့် နိုင်ငံတစ်နိုင်ငံတွင် ၅ နှစ်အောက်ကလေးငယ်များ ပုညှက်မှု ၂၀ ရာခိုင်နှုန်းအောက်သို့ရောက်ရှိနိုင်ရန် ဆက်လက်ကြိုးပမ်းရဦးမည်ဖြစ်သည်ဟုလည်း သိရသည်။ အာဟာရချို့တဲ့ခြင်းသည် ကလေးများသေဆုံးခြင်းနှင့် ကလေး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဖွံ့ဖြိုးမှုများကို တစ်သက်တာထိခိုက်စေနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး အစာအာဟာရကို လုံလောက်စွာ စားသုံးနိုင်မှုမရှိခြင်း၊ မကြာခဏဖျားနာခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိပညာဗဟုသုတနည်းပါးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမမီခြင်းတို့ကြောင့် အာဟာရချို့တဲ့မှုနှုန်းကို မြင့်မား စေသည်ဟု ဆိုသည်။
ကလေးများအာဟာရပြည့်ဝရေး၊ စံမီကြီးထွားဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည်ထက်မြက်ရေးတို့သည် မိမိတို့ရင်သွေးများရသင့်ရထိုက်သည့် အခွင့်အရေးများဖြစ်သည့် အလျောက်ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ၂၀၀၉ ခုနှစ်မှစကာ ဩဂုတ်လတစ်လလုံးကို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ်သတ်မှတ်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ ဩဂုတ်လပထမသီတင်းပတ်သည် “ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၊ ဒုတိယသီတင်းပတ်သည် “ငါးနှစ်အောက်ကလေးများ၊ ကျောင်းနေအရွယ်ကလေးများနှင့် လူငယ်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”၊ တတိယသီတင်းပတ်သည် “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”၊ စတုတ္ထသီတင်းပတ်သည် “အိုင်အိုဒင်းချို့တဲ့မှု ရောဂါများပပျောက်ရေးနှင့် အစာတွင် အဏု အာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်” ဟူ၍ဖြစ်ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို လူထုလှုပ်ရှားမှုများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။
ကလေးများအား မွေးစမှအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်နှင့် ကလေးအသက်ခြောက်လပြည့်သည့် အချိန်မှစ၍ သင့်တော်သောဖြည့်စွက်စာနှင့်အတူ အနည်းဆုံး ကလေးအသက်နှစ်နှစ်အထိ မိခင်နို့ကိုဆက်လက်တိုက်ကျွေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားရာ မိခင်နို့စနစ်တကျတိုက်ကျွေးမှုကို ပိုမိုမြှင့်တင်သွားရန် ဝိုင်းဝန်းဆောင် ရွက်သွားကြရမည်ဖြစ်သည်။ အသက် (၅) နှစ်အောက်ကလေးများ ကာလရှည်အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်သည့် ပုညှက်မှု ၂၆ ဒသမ ၇ ရာခိုင်နှုန်းရှိနေခြင်းကို လျှော့ချနိုင်ရေးအတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပိုမိုမြှင့်တင်ဆောင်ရွက်ရန်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရလျော့နည်းပါက သန္ဓေသားနှင့်ကလေးငယ်တို့၏ ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ခြင်းကြောင့် သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြား တိုက်ကျွေးခြင်းဖြင့် အာဟာရဖွံ့ဖြိုးရေးဆောင်ရွက်ရန်၊ ခန္ဓာကိုယ်ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် လုံလောက်စွာစားသုံးရန် လိုအပ်သောအိုင်အိုဒင်းအာဟာရချို့တဲ့မှု မဖြစ်ပေါ်ရေးဆောင်ရွက်ရန် လူထုလှုပ်ရှားမှုအသွင် မြှင့်တင်ဆောင်ရွက်သွားမည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များတွင် လူတိုင်းပါဝင်ကြရမည့်အကြောင်း။ ။