Skip to main content

ဒေသအကျိုးစီးပွားတိုးတက်ဖြစ်ပေါ်စေရေး ခရီးသွားလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်

ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည်လည်း ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်ခြင်းကြောင့် အားပေးမြှင့်တင်သွားရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်မီက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအခြေအနေမှာ တိုးတက်မှုနှင့်အလားအလာအရှိဆုံး အနေအထားအထိရောက်ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလတွင် ကိုဗစ်-၁၉ ရောဂါ ဝင်ရောက်လာခဲ့ပြီးနောက် အခြေအနေကောင်းများအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

မီးခိုးမထွက်သောစက်ရုံဟု တင်စားခေါ်ဝေါ်ကြသည့် ခရီးသွားလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းသည်နှင့်အမျှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်သည့်အလျောက် ကိုဗစ်-၁၉ ကပ်ရောဂါကို ကောင်းစွာထိန်းချုပ်လာ နိုင်သည့်အချိန်မှစ၍ နိုင်ငံအသီးသီးတို့က ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းခဲ့ကြပြီး ဝင်ငွေများစွာရရှိနေကြပြီဖြစ်ကြောင်း သတင်းများတွင်တွေ့ရှိရသည်။ မိမိတို့နိုင်ငံသည် ခရီးသွားလုပ်ငန်းများလုပ်ကိုင်နိုင်ရန် အရင်းအမြစ်ကောင်းများစွာပိုင်ဆိုင်ထားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် မတူကွဲပြားထူးခြားလှပသည့် သဘာဝပတ်ဝန်းကျင်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသခံပြည်သူတို့၏ လူနေမှုဘဝများ၊ ထူးခြားသည့် ဓလေ့ထုံးစံများနှင့် ရိုးရာပွဲတော်များ၊ အမျိုးအမည်စုံလင်သည့် စားသောက်ဖွယ်ရာများနှင့် လက်မှုအနုပညာများစသည်တို့ကို ကိုယ်စီပိုင်ဆိုင်ထားကြခြင်းဖြစ်ရာ ဈေးကွက်မြှင့်တင် ဖော်ထုတ်လုပ်ကိုင်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ထွက်ပေါ်လာမည်ဖြစ်သည်။

“ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည်လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့ ပြည်တွင်းပြည်ပမှခရီးသွားများ ဝင်ရောက်ခြင်းဖြင့် ဒေသ အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် သန့်ရှင်းသာယာလှပမှု ရှိစေရေး၊ တည်းခိုနေထိုင်ရေး၊ ဒေသအစားအစာများ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရေး၊ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၉ ရက်နေ့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များကို တွေ့ဆုံဆွေးနွေးရာတွင် မှာကြားခဲ့သည်။

ခရီးသွားလုပ်ငန်းယန္တရားကောင်းမွန်စွာ လည်ပတ်လာသည့် အခါတွင် ဆက်စပ်နေသည့် ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်လုပ်ငန်းများ၊ အမှတ်တရပစ္စည်းလုပ်ငန်းများ အစရှိသည့်လုပ်ငန်းများပါ လိုက်ပါဖွံ့ဖြိုးလာကြပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သလို ဒေသဝင်ငွေနှင့် ဒေသခံပြည်သူတို့၏ လူနေမှုကိုလည်း မြင့်မားလာစေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက် မှု ၄ ဒသမ ၃၆ သန်းရှိခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော် ရရှိခဲ့သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကထုတ်ပြန်သည့် တစ်နှစ်တာကာလအတွင်း တိုးတက်မှုနှင့် အလားအလာအရှိဆုံးနိုင်ငံစာရင်းတွင်လည်း တိုးတက်မှုရာခိုင်နှုန်း ၄၀ ကျော်ဖြင့် ထိပ်ဆုံးတွင် ပါဝင်နိုင်ခဲ့သည်။

ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် နိုင်ငံရေးနှင့်စီးပွားရေး တည်ငြိမ်မှုများရရှိထားရန်လိုသည်။ ကျောင်းပိတ်၊ ရုံးပိတ်ရက်များနှင့် ခြောက်သွေ့အေးမြ သည့် ခရီးသွားရာသီမှာလည်း ကျရောက်လာတော့မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားလုပ်ငန်းများ ရာသီအချိန်မီ လည်ပတ်လုပ်ကိုင်နိုင်ရေး၊ ဒေသ၏ သဘာဝပတ်ဝန်းကျင်များနှင့် မြို့ရွာများအလိုက် သန့်ရှင်းသာယာလှပမှုများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။