Skip to main content

ဦးတည်ချက်များ ကြိုးပမ်းအကောင်အထည်ဖော်

နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေသည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်ရှိသည်။ လက်ရှိတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော်၍ နိုင်ငံ၏အနာဂတ်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

“မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အခက်အခဲ၊ အကျပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရပိတ်ဆို့မှုများရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၈ ရက်တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို မှာကြားခဲ့သည်။

နိုင်ငံတော်ကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရာ၌ နိုင်ငံ့စီးပွား ရေးတိုးတက်ကောင်းမွန်ခြင်းသည်အဓိကကျပြီး စီးပွားရေးကောင်းမွန်မှု စွမ်းပကား များကို အားပြုပြီး နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံ့တာဝန်ကိုထမ်းဆောင်လျက်ရှိသည့် အစိုးရအနေဖြင့် ပထမတစ်နှစ်တာကာလအတွင်း နိုင်ငံ့စီးပွားတိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဒုတိယတစ်နှစ်တာကာလတွင် နိုင်ငံ့စီးပွားရေးသည် တိုးတက်ဦးမော့ကောင်းမွန်လာပြီဖြစ်သည်။ သက်တမ်း ထပ်မံတိုးမြှင့်သည့်ကာလအတွင်း နိုင်ငံတော်ကိုအဘက်ဘက်၌ တိုးတက်ကောင်းမွန်လာစေရန် ဦးတည်ချက်(၉) ရပ်ကို အသစ်ထပ်မံချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနိုင်ငံရေးရည်မှန်းချက်နှစ်ရပ်၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်။ အဆိုပါရည်မှန်းချက်တို့ကို ချမှတ်ထားသော ဦးတည်ချက် (၉) ရပ်ဖြင့် လွှမ်းခြုံအကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးသည် အရေးကြီးသည့်အချက်ဖြစ်ပြီး ပြည်သူပြည်သားများအားလုံး အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်၊ ပညာသင်ကြားနိုင်ရန်လိုအပ်သည်။

လူတိုင်းလူတိုင်းသည် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြသည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးမှ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စားရေရိက္ခာလုံခြုံရေးအတွက် စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ စားရေရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး ကမ္ဘာပေါ်တွင်လည်း စားရေရိက္ခာလုံခြုံရေးမှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေသည်။ အလားတူ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် တစ်နိုင်ငံလုံးလမ်းကွန်ရက်များ ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းပြည်တိုးတက်ရေးတွင် ပညာတတ်ပေါများခြင်းသည် အခြေခံကျသည့် အချက်ဖြစ်သည်။ ပြည့်စုံသည့် လူသားအရင်းအမြစ်များလိုအပ်သဖြင့် နိုင်ငံသားတိုင်းပညာရည်မြင့်မားရေးကို ဖြည့်ဆည်းပေးလျက်ရှိသည်။ နိုင်ငံ၏မျှော်မှန်းသက်တမ်း နည်းပါးလျက်ရှိသဖြင့် နိုင်ငံသားတိုင်း အသက်ရှည်ကျန်းမာစွာနေထိုင် နိုင်ရေးအတွက်ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့် ရှောက်မှုများကို ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေပြီး လက်ရှိတွင် လိုအပ်ချက် ၅၀ ရာခိုင်နှုန်းပင် ဖြည့်ဆည်းပေး နိုင်ခြင်းမရှိသေးပေ။ လတ်တလောတွင် နေရောင်ခြည်စွမ်းအင်သုံး၊ လေအားစွမ်းအင်သုံး၊ စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို အကောင်အထည်ဖော်၍ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ ပညာရည်မြင့်မားရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးတို့ကို အဓိကဦးစားပေးအဖြစ် အကောင်အထည်ဖော်လျက်ရှိပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်ကာ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ပေါ်ထွက်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။       ။