Skip to main content

နည်းပညာဖြင့် ဈေးကွက်တန်ဖိုးမြှင့်တင်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ ရေမြေသဘာဝကောင်းမွန်ပြီး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည်။ နိုင်ငံသားအများစုသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်သည်။

စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးထုတ်ကုန်များကို ပြည်ပမှတင်သွင်းနေရသည်မှာ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးနှင့်စံချိန်စံညွှန်း လိုအပ်ချက်များရှိနေသည်မှာ ထင်ရှားသည်။ စံချိန်စံညွှန်း လိုအပ်ချက်ရှိသည့်အခါ စိုက်ပျိုးထုတ်ကုန်များ ဈေးကွက်မဝင် တွက်ခြေမကိုက်သဖြင့် စိုက်ပျိုးသူတောင်သူများ  ဆုံးရှုံးနစ်နာမှုများဖြစ်ကြရသည်။  ထို့အပြင်  ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်သည့်အခါ စိုက်ပျိုးမြေများကို ပစ်ပယ်ထားမှု၊ စိုက်ပျိုးရေးလုပ်ငန်းများကို စွန့်လွှတ်မှုများရှိလာတတ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် စိန်ခေါ်မှုအမျိုးမျိုးရှိသည့်အနက် အဓိကကျသောအချက်တစ်ခုမှာ  နည်းပညာဖြင့်  ဈေးကွက်တန်ဖိုးမြှင့်ရေးသည်  မြန်မာနိုင်ငံတွင်  အထူးအရေးပေး လိုအပ်နေသည်။    မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းပညာ၊ မျိုးစေ့၊ အရည်အသွေး စသည်တို့နှင့်ပတ်သက်၍ လိုအပ်သည်များကို   ပံ့ပိုးဖြည့်ဆည်းမျှဝေပေးလျက် ရှိသည်။ ထို့အပြင် နိုင်ငံတကာမှ တိုးတက်ဖြစ်ထွန်းနေသည့် စိုက်ပျိုးရေးနည်းပညာများကို လေ့လာဆည်းပူးပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးသူများအား တစ်ဆင့်ဖြန့်ဝေပေး လျက်ရှိသည်။

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့်   အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စံပြမျိုးထုတ်ရွာများတည်ထောင်၍ မိုလ်ဘိုင်းမျိုးစေ့သန့်စင်စက်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ မြေဆီလွှာကျန်းမာရေးကို စောင့်ရှောက်နိုင်မည့် စံပြကျေးရွာများနှင့်  ဒစ်ဂျစ်တယ်နည်းပညာစံပြကျေးရွာများ  ပေါ်ထွန်းလာရေး စီမံဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင်စိုက်ပျိုးရေးကိုအခြေခံသည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ     ပြန်လည်မျှဝေပေးသည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပြန်လည်မျှဝေရေးအစီအစဉ်ကို အသေးစား၊ အငယ်စားနှင့်  အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ စားသောက်ကုန်များကို နိုင်ငံတကာအဆင့်မီ နည်းပညာများအသုံးချ၍ အရည်အသွေးမြင့်မားပြီး စံချိန်စံညွှန်းပြည့်မီစွာ စီးပွားဖြစ် အမြောက်အမြားထုတ်လုပ်နိုင်စေရန်၊   အာဆီယံထုတ်ကုန်များအတိုင်း ထုတ်ကုန်အသစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရန် ရည်ရွယ်၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

သာဓကအားဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ကရင်ပြည်နယ်၊  မွန်ပြည်နယ်တို့မှ  အသေးစား၊  အငယ်စားနှင့် အလတ်စား MSME  လုပ်ငန်းရှင်  ၁၀၀  ထံ  မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဒေသတွင်းစိုက်ပျိုးရေး နည်းပညာဖလှယ်မှုမှရရှိထားသော စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာအသစ်ခြောက်မျိုးနှင့် စံချိန်စံညွှန်းဆိုင်ရာ အသိပညာများအား  ပြန်လည်မျှဝေပေးမည်ဖြစ်သည်။   အဆိုပါဆောင်ရွက်မှု၏ အကျိုးရလဒ်အဖြစ်မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် အရည်အသွေးမီသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းပြည်ပသို့ တိုးတက်ရောင်းချနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံ့စီးပွားမြင့်မားရေးကို အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံအတွင်း ကြွယ်ဝသည့်  ရေ၊ မြေအရင်းအမြစ်များအား ထိရောက်စွာအသုံးချ၍ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံရုံမျှမက နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နေရာယူနိုင်သည်အထိ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အခြေခံကျသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအရည်အသွေးမြင့်မားသည့် နည်းပညာများ မျှဝေပေးခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံထုတ်လုပ်သည့် စားသောက်ကုန်များ စံချိန်စံညွှန်းများနှင့်အညီ ဈေးကွက်လိုအပ်ချက်အတိုင်း တိုးမြှင့်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် သမားရိုးကျထုတ်ကုန်များသာမက ထုတ်ကုန်သစ်များအား နိုင်ငံတော်က မျှဝေပေးသော နည်းပညာများကို ထိရောက်စွာအသုံးချ၍  စံချိန်စံညွှန်းမီ အရည်အသွေးမြှင့် တိုးတက်ထုတ်လုပ်ပြီး ဈေးကွက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံအယ်ဒီတာ့အာဘော်