ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သော H & M Group က မြန်မာနိုင်ငံမှ ချုပ်ထည်အမှာစာပစ္စည်းများ ဝယ်ယူခြင်းကို တစ်ဆင့်ချင်းရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းနှင့်စပ်လျဉ်း၍ အဆိုပါဆုံးဖြတ်ချက်သည် စိန်ခေါ်မှုရှိသော စီးပွားရေးအခြေအနေများကြားတွင် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်းအပါအဝင် စက်ရုံများရှိဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းကို များစွာထိခိုက်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ဩဂုတ် ၂၅ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားပြီး အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ရှိစွာ ဆက်လက်တည်ရှိနေခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်မည်ဟု MGMA က အခိုင်အမာယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းပေါင်း ၇၀၀ ကျော် ရှိကြောင်းသိရပြီး အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ပေါင်း ၆၀၀ ကျော်ရှိသည်။ အထည်ချုပ်လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှာဖွေပေးနိုင်သော လုပ်အားအခြေပြုလုပ်ငန်းများ ဖြစ်သည့်အလျောက် ယင်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်အသက်မွေးနေကြရသူ အလုပ်သမား ငါးသိန်းခန့်ရှိပြီး အများစုမှာ အနယ်နယ်အရပ်ရပ်မှ ဇာတိကိုစွန့်ခွာ၍ လာရောက်လုပ်ကိုင်နေသူ အမျိုးသမီးများက အများစုဖြစ်သည်။ ၎င်းတို့၏ နောက်တွင်လည်း မှီခိုသူမိသားစုဝင်များရှိနေသေးသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ရရှိငွေများအနက် အထည်ချုပ်လုပ်ငန်းမှ ရရှိငွေသည် ၁၀ ရာခိုင်နှုန်းအထိရှိပြီး အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ နှစ်စဉ်ရှာဖွေပေးနေသည့် လုပ်ငန်းများ ဖြစ်သည့်အလျောက် အထည်ချုပ်လုပ်ငန်းများသည် အစိုးရကိုဖိအားပေးရန်အတွက် ထိပါးခံရတတ်သည့် လုပ်ငန်းများလည်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းနှင့် ပြည်ပမှအမှာစာများ လျော့နည်းကျဆင်းသွားခြင်းအကြောင်းများကြောင့် စက်ရုံအချို့ ပိတ်သိမ်းခဲ့ရပြီး သောင်းနှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ ကပ်ရောဂါကာလအတွင်း ကြံ့ကြံ့ခံကာ ဆက်လက်လည်ပတ်ခဲ့သော စက်ရုံများမှာလည်း ရှင်သန်နိုင်ရေးအတွက် ရုန်းကန်ခဲ့ကြရပြီး ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ် အလုပ်သမားများ၏ လုပ်ခလစာ ပြန်လည်သုံးသပ်ရန်ကိုပင် အမှာစာလျော့နည်းမှုနှင့် ဝင်ငွေကျဆင်းမှုတို့ကြောင့် အလုပ်သမားသမဂ္ဂများနှင့်ညှိနှိုင်း၍ ရွှေ့ဆိုင်းခဲ့ကြရသည်။ ကပ်ရောဂါကြောင့်၊ နိုင်ငံရေးကြောင့် စသည်ဖြင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ နိုင်ငံခြားမှ အမှာစာများ လျှော့ချဖြတ်တောက်ခြင်း၊ စီးပွားရေးပိတ်ဆို့တားဆီးခြင်းများကို ဦးစွာတိုက်ရိုက်ခံစားကြရသူများမှာ အမျိုးသမီးငယ်ရွယ်အများစုပါဝင်သည့် အထည်ချုပ်အလုပ်သမားများပင်ဖြစ်သည်။ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးဟူသော အကြောင်းပြချက်များဖြင့် လုပ်အားအခြေပြုလုပ်ငန်းများအပေါ် ပြုမူသည့်ဆောင်ရွက်ချက်များကြောင့် အထည်ချုပ်အမျိုးသမီး အလုပ်သမားများနှင့် မှီခိုသူမိသားစုများ၏ နေ့စဉ်စားဝတ်နေရေးနှင့် လူမှုဘဝများအပေါ် ကျရောက်လာမည့် အခက်အခဲ၊ အကျပ်အတည်းပြဿနာတို့မှာ ကျိုးကြောင်းမဆီလျော်သည့် အပြုအမူကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်များပင်ဖြစ်သည်။ တစ်နည်းအားဖြင့် လူ့အခွင့်အရေးကာကွယ်သူများ၊ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူများဟု အမည်ခံထားသူများက မြန်မာအမျိုးသမီး အထည်ချုပ်လုပ်သားများနှင့် မိသားစုများ၏ ထမင်းအိုးကို ရိုက်ခွဲခြင်းဖြစ်သည်။
“MGMA သည် သိန်းပေါင်းများစွာသော ငယ်ရွယ်သည့် အမျိုးသမီးအလုပ်သမားများ၏ ဘဝအခြေအနေတိုးတက်မှုနှင့် စပ်လျဉ်း၍ ဂုဏ်သိက္ခာရှိသော အသက်မွေးဝမ်းကျောင်းပညာများဖြင့် ပံ့ပိုးပေးလျက်ရှိရာ ဤအရေးပါသော အခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ တာဝန်ယူမှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုသည် လက်ရှိအလုပ်အကိုင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။” ဟု MGMA ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားရာ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ များစွာအပြုသဘောဆောင်လျက်ရှိရာ အသင်း၏မြင့်မားသည့် အခန်းကဏ္ဍနှင့်အတူ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများလည်း ပိုမိုတိုးတက်အောင်မြင်နိုင်ပါစေကြောင်း။ ။