Skip to main content

ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃၀

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် အစိုးရသစ်၏ ပထမဆုံးအစည်းအဝေးဟုဆိုနိုင်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်အောင်နှင့် နိုင်ငံကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ရန်နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရည်ရွယ်ချက်များချမှတ်၍ ဆောင်ရွက်ရန်လိုကြောင်း။

ဆင်းရဲမွဲတေမှုများလျှော့ချရေးကို ဒီမိုကရေစီအစိုးရပထမသက်တမ်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားနေရန်လိုကြောင်း၊ ယေဘုယျအားဖြင့် မြို့ပေါ်နေပြည်သူအများစုမှာ အတန်းပညာတတ်မြောက်မှုမြင့်မားပြီး ကျေးလက်ဒေသနှင့် အစွန်အဖျားနေရာများရှိ ပြည်သူများ၏ အတန်းပညာတတ်မြောက်မှုမှာ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများရှိ ပြည်သူများ အတန်းပညာတတ်မြောက်မှု မြင့်မားလာစေရေး ရည်ရွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်က တစ်နိုင်ငံလုံးစာမတတ်မြောက်သူ ပပျောက်ရေးအတွက် “အ သုံးလုံးသင်တန်းများကိုဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း ကျေးလက်ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘာသာစကားအခက်အခဲများ ရှိနိုင်သည်ဖြစ်သော်လည်း အခြေခံမှတစ်ဆင့် စာတတ်မြောက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း၊ စာတတ်အောင်ပြုလုပ်ပြီးမှ အတန်းပညာမြင့်မားရေးကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့်စီးပွားရေးမှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး၌ လူမှုရေးတွင် ပညာရေးနှင့်ကျန်းမာရေးပါဝင်ကြောင်း၊ ထို့ကြောင့် ပြည်သူများပညာရည်တိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူများအားလုံး ကျန်းမာရေးကောင်းမွန်နေစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝင်ငွေရသည့်စီးပွားရေးလုပ်ငန်းအောင်မြင်မှသာ စားသောက်နေထိုင်ရေးအတွက်သုံးစွဲနိုင်ပြီး ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားများ ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ စီးပွားရေးကိုဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတစ်ဝန်းလုံး၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် နိုင်ငံအတွက်လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေးအခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများတိုးတက်စေရေး နှစ်အလိုက်အဆင့်ဆင့် ဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့်လူသားအရင်းအမြစ်များကိုမွေးထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်နှင့်လျော်ညီသည့် စက်မှုလုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းမှတစ်ဆင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ်သွားမည်ဆိုပါက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် မိမိတို့နိုင်ငံစီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံးလုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများတိုးတက်ကာ ပြည်သူများ၏စီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးတို့ကို မြှင့်တင်လာနိုင်မည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများရှိပြီး ပန်းတိုင်ရည်မှန်းချက်များရှိပြီးဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများအလိုက် ရည်မှန်းချက်များအတိုင်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရည်မှန်းချက်များအတိုင်း အပြည့်အဝဆောင်ရွက်နိုင်ရေး သက်ဆိုင်ဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် လျှော့ချရပ်ဆိုင်းခဲ့ရသည့် စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စက်ရုံများရှိ လက်ရှိစက်စွမ်းအားများအပေါ်မူတည်၍ ထုတ်လုပ်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပုဂ္ဂလိကကုန်ထုတ်လုပ်မှုများကိုလည်း စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ တစ်ဆက်တည်း သီးထပ်စွမ်းအားကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေး စနစ်တကျဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။

စာရင်းဇယားများ တိကျမှန်ကန်ရေးအလေးထားဆောင်ရွက်

လုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများအနည်းဆုံးဖြစ်စေရေး တိတိကျကျဖြင့်ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်မှုများရှိစေရေးကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိမှသာ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာဖြင့် အကောင်အထည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှတင်ပြသည့် စာရင်းဇယားအချက်အလက်များသည် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံးမှန်ကန်မှုရှိမှသာလျင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်ပြီး သုံးသပ်မှုမှန်ကန်မှသာလျှင် မှန်ကန်သည့်ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အားလုံးမှအလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးတွင်းကာလအတွင်း လမ်းများပျက်စီးမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ မည်သည့်လမ်းအမျိုးအစားဖြစ်စေ ပွင့်လင်းကာလအတွင်း ခရီးသွားပြည်သူများ ချောချောမွေ့မွေ့ဖြင့် သွားလာနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုလုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ရန်လို

စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုသာမက ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းလည်းပါဝင်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပခရီးသွားများ များပြားလာပြီဖြစ်ကြောင်း၊ ခရီးသွားများ များပြားလာမှုနှင့်အညီ ခရီးသွားလုပ်ငန်းများ အတွက်လိုအပ်သည့်တည်းခိုရေး၊ နေထိုင်စားသောက်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများလည်း လည်ပတ်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံအတွက်အကျိုးရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက်လည်း စားသောက်နေထိုင်မှုများ သပ်ရပ်ကောင်းမွန်နေစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မီဒီယာကဏ္ဍမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့်ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားရန်လိုကြောင်း၊ လာရောက်သည့် ခရီးသွားများအနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကိုရရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

စဉ်ဆက်မပြတ်တာဝန်ထမ်းဆောင်နိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်ရန်လိုကြောင်း၊ လုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ပညာတတ်လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးနေရန်လိုကြောင်း၊ အရာထမ်းအမှုထမ်းများ ခန့်အပ်တာဝန်ပေးရာတွင်လည်း အဆင့်အလိုက် လုပ်ငန်းအတွေ့အကြုံများအပေါ်မူတည်၍ ရာထူးတာဝန်များ ပေးအပ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏အရည်အသွေးများ တိုးတက်စေရေး အဆင့်လိုက်သင်တန်းများတက်ရောက် လေ့ကျင့်စေလျက်ရှိကြောင်း၊ သင်တန်းများစေလွှတ်ရာတွင် ပြည်တွင်းသင်တန်းများကိုသာမက ပြည်ပသင်တန်းများကိုလည်းစေလွှတ်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နောင်မျိုးဆက်သစ် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း။

ဌာနအလိုက် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ကျွမ်းကျင်နားလည်နေရန်နှင့် တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားပြီး စနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဌာနအပေါ် စေတနာထားရန်နှင့် မိမိတို့နိုင်ငံအပေါ် စေတနာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းသည်နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။

အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကိုမထိခိုက်စေရေး ကြပ်မတ်ဆောင်ရွက်

INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ အချို့သောပြည်ပအကူအညီများသည် INGO ၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည်ကောင်းစေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။