တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

(၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၉ ရက်)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက် လာကြတဲ့ နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက တာဝန်ရှိသူများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တော်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များအားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ လို့ နှုတ်ခွန်းဆက်သ ဆန္ဒပြုအပ်ပါတယ်။


ယခု ကျင်းပပြုလုပ်တဲ့ အခမ်းအနားဟာ စတုတ္ထလို့ ဆိုသော်လည်းပဲ ပါတီစုံ ဒီမိုကရေစီစနစ်၊ ယခင်အစိုးရလက်ထက်လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ပါဆိုရင် ပဉ္စမအစည်း အဝေး ဖြစ်ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(EAO)များ စုံစုံလင်လင် တွေ့ဆုံဆွေးနွေးခဲ့တာကို ထည့်သွင်းမှတ်တမ်းပြုကြမယ်ဆိုရင်တော့ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်မှာ KNU ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီစတဲ့ အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ) ၃ပါတီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အတွက် အခုအစည်းအဝေးဟာ ဆဋ္ဌမအကြိမ်လို့တောင် ဆိုရပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံဟာ ၁၈၈၅ ခုနှစ် လွတ်လပ်ရေးမဆုံးရှုံးမီအထိ ဘုရင် စနစ်ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗမာဘုရင်၊ ရခိုင်ဘုရင်၊ မွန်ဘုရင်စတာ တွေရှိခဲ့သလို တောင်တန်း ဒေသတွေမှာ ကချင်ဒူဝါးတွေ၊ ရှမ်းစော်ဘွားစတာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ စည်းလုံးမှုနဲ့ ပထမမြန်မာနိုင်ငံတော်(ပုဂံခေတ်)၊ ဒုတိယမြန်မာနိုင်ငံတော် (တောင်ငူခေတ်)၊ တတိယမြန်မာနိုင်ငံတော် (ကုန်းဘောင်ခေတ်)တို့ကို စုစည်း တည်ထောင်နိုင်ခဲ့ ပါတယ်။အင်္ဂလိပ်တို့အနေနဲ့ မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး ၁၈၂၄ ခုနှစ်မှာ ရခိုင်-တနင်္သာရီဒေသ၊ ၁၈၅၂ ခုနှစ်မှာ အောက်မြန်မာနိုင်ငံနဲ့ ၁၈၈၅ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပါတယ်။ နယ်ချဲ့တွေက မြန်မာနိုင်ငံကို သူတို့ရဲ့ အင်ပါယာ လက်အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းပြီးကတည်းက မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသလို ဘုရင် စနစ်အုပ်ချုပ်ရေးဟာလည်း နိဋ္ဌိတံခဲ့ပြီးဖြစ်ပါတယ်။ သွေးခွဲအုပ်ချုပ်မှုကို ပုံဖော်တဲ့အနေနဲ့ နယ်ချဲ့တွေက တောင်တန်းဒေသတွေမှာ ယခင်ကရှိခဲ့တဲ့ စော်ဘွားအုပ်ချုပ်ရေးစနစ်၊ ဒူဝါးအုပ်ချုပ်မှုပုံစံစတာတွေကို ၎င်းတို့ရဲ့ အပြည့်အဝကြီးကြပ်မှုအောက်မှာ ထားခဲ့တာကိုလည်း သတိချပ်စေလိုပါတယ်။ ဒါတွေဟာလည်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၅၉ ခုနှစ်ကတည်းက ပြီးဆုံးခဲ့ပြီးဖြစ်ပါတယ်။

အခြေခံအုတ်မြစ်များ ဆောင်ရွက်ပေးခဲ့

ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီခေတ်မှာ ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ ဌာန အုပ်ချုပ်ရေးစတဲ့ အုပ်ချုပ်ရေး စနစ်ပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးခေတ်မှာ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်မှာ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရတို့ အုပ်ချုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုများနဲ့အတူ ပေါ်ပေါက်လာတဲ့ မငြိမ်သက်မှု များကြောင့် ၂၀၁၀ ပြည့်နှစ်အထိ နဝတ၊ နယကအစိုးရများက အုပ်ချုပ်ခဲ့ပြီး ပြည်သူလူထုတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေး အခြေခံအုတ်မြစ်များ ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကနေ ယနေ့ အထိ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ကျင့်သုံး လျက်ရှိနေပါတယ်။ ဒါတွေကို ကျွန်တော် ပြန်ပြောင်းပြောနေရတာကလည်း ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာမှုအဆင့်ဆင့်ကို သတိပြု နိုင်ဖို့ဖြစ်ပါတယ်။
ဒီနေ့ကမ္ဘာမှာ ဘုရင်စနစ်အုပ်ချုပ်တဲ့ နိုင်ငံအချို့ရှိနေသေးသော်လည်း ယခင်ကျင့်သုံးခဲ့တဲ့ပုံစံနဲ့ များစွာခြားနားပြီး အကန့်အသတ်နဲ့သာ ထားရှိနေ တာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာ ယခင်ကရှိခဲ့တဲ့ ဘုရင်စနစ်၊ စော်ဘွားစနစ်၊ ပါလီမန်စနစ်၊ ဆိုရှယ်လစ်စနစ်စတာတွေဟာလည်း ပြီးဆုံး ခဲ့ပြီဖြစ်ပါတယ်။ ယခုကျွန်တော်တို့သွားနေတာက ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် အတိတ်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တမ်းတနေ လို့မရဘဲ သင်ခန်းစာရယူပြီး ပြည်သူများရဲ့ ဆန္ဒနဲ့အညီ ကျင့်သုံးဖော်ဆောင်နေ တဲ့ ပါတီစုံဒီမိုကရေစီစနစ်မှာပဲ လက်တွဲညီညီ ပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါ တယ်။

သာတူညီမျှအခွင့်အရေးရှိကြ

ငြိမ်းချမ်းရေးအကြောင်းကိုပြောတဲ့အခါမှာ ဆွေးနွေးပွဲတွေ၊ ရေးသားမှုတွေမှာ ကျွန်တော် အမြဲတမ်းတွေ့နေရတာက “တိုင်းရင်းသားအခွင့်အရေး” ဆိုတဲ့ကိစ္စ၊ “လူနည်းစုအခွင့်အရေး” ဆိုတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောလို ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော် ရှိပါတယ်။ အားလုံးသည် တန်းတူရည်တူအခွင့်အရေး၊ သာတူညီမျှအခွင့်အရေးရှိကြ ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အခွင့်အရေးတွေ၊ ကတိကဝတ်တွေကို အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများအခန်းနဲ့ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းမှာ ပြည့်ပြည့်စုံစုံထည့်သွင်းရေးသားပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ပြောရရင် ကမ္ဘာ့လူ့ အခွင့်အရေး ကြေညာစာတမ်း(Universal Declaration of Human Rights-UDHR) ပါ လူသားတိုင်းအတွက် ရပိုင်ခွင့် စံချိန်စံညွှန်းတွေထက် မလျော့ပါဘူး။

 ကျွန်တော်တို့နိုင်ငံမှာ တန်းတူညီမျှအခွင့်အရေးမရှိရင် ခွဲခြားဆက်ဆံမှု တွေရှိနေရင် ဒီလို “တိုင်းရင်းသားအခွင့်အရေး”၊ “လူနည်းစုအခွင့်အရေး” ဆိုတာတွေကို ပြောရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး စတဲ့ မည်သည့်ကိစ္စမှာမှ လူများစု၊ လူနည်းစု ခွဲခြားထားတာမရှိပါဘူး။
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး နိုင်ငံတော်ရဲ့အကြီးအကဲ၊ ပထမဆုံးသမ္မတဟာ ရှမ်းတိုင်းရင်းသား စဝ်ရွှေသိုက်ပါ။ ပြီးရင် ကရင် တိုင်းရင်းသား မန်းဝင်းမောင် ဖြစ်ပါတယ်။ ဒီနေ့ ပါတီစုံဒီမိုကရေစီခေတ်မှာ ပြည်ထောင်စုအဆင့်အထိ တာဝန်ယူနေကြတဲ့ တိုင်းရင်းသားများ ရှိပါတယ်။ ယင်းပုဂ္ဂိုလ်များဟာ သတ်မှတ်ထားသည့် အရည်အချင်းများနဲ့ ကိုက်ညီလို့သာ ဖြစ်ပါတယ်။ ယခင်ကလည်း ဗမာပညာရှိတွေရှိခဲ့သလို၊ မွန်ပညာရှိတွေ၊ ရခိုင်ပညာရှိတွေစတဲ့ ထင်ရှားတဲ့ တိုင်းရင်းသားပညာရှိများလည်း ရှိပါတယ်။ မြန်မာနိုင်ငံသားအားလုံးသည် မိမိကြိုးစားမှုအပေါ်မှာမူတည်ပြီး ရရှိသင့်တဲ့ အခွင့်အရေး ရရှိကြမှာဖြစ်ပါတယ်။
ကျွန်တော် မကြာခဏပြောခဲ့သလို အားလုံးမြန်မာစိတ်မွေးပြီး “ငါတို့ အားလုံးသည်မြန်မာ” (We are Myanmar)ဆိုတဲ့ စိတ်ဓာတ်ထားနိုင်ဖို့ လိုပါတယ်။ “တိုင်းရင်းသားအခွင့်အရေး”၊ “လူနည်းစု အခွင့်အရေး”ဆိုတဲ့ အားငယ်တဲ့စိတ်၊ သံသယစိတ်ဝင်ပြီး ယုံကြည်မှုကို ထိခိုက်စေတဲ့စိတ်၊ သွေးကွဲမှုကိုအားပေးပြီး စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့စိတ်တွေ၊ အပြောအဆို အသုံးအနှုန်းတွေကို ရှောင်ရှားဖို့လိုပါတယ်။

အဲဒီစိတ်ဟာ သက်ဆိုင်သူများရဲ့ စိတ်ဓာတ်ခွန်အားကိုလည်း ဆွဲချနေတာနဲ့ အတူတူ ဖြစ်ပါတယ်။ လူ့သဘောသဘာဝအရ လိုချင်တပ်မက်တဲ့စိတ်၊ မိမိက ပိုပြီးလိုချင်တဲ့ စိတ်ရှိကြမှာ ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စုပေါင်းနေထိုင်ကြတဲ့မိသားစု၊ ပြည်ထောင်စု ဆိုတာလည်း သတိထားရမှာပဲ ဖြစ်ပါတယ်။ အခွင့်အရေးဆိုတာ တောင်းယူရမယ်ဆိုတဲ့ အယူအဆမျိုး၊ အဲဒီ အယူအဆမျိုးဟာ ကြိုးစားလိုတဲ့စိတ်၊ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကြိုးစားရယူခြင်းဖြင့် ရရှိ ရမယ်ဆိုတဲ့စိတ်ကို မြှင့်တင်ပေးနိုင်မှ ကျွန်တော်တို့ရည်မှန်းတဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါမှသာ တစ်သွေးတည်း၊ တစ်သားတည်းဆိုတဲ့ စည်းလုံးညီညွတ်မှု ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဝိုင်းလုပ်ကြရမှာ ပါ။လက်ညှိုးထိုးနေလို့ မရပါဘူး။

တိုင်းရင်းသားကိစ္စများနဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂ မှာ တိုင်းရင်းသားများရဲ့ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက် ထားရမှာတွေကို ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ပုဒ်မ ၄၉ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ သတ်မှတ်ခဲ့သလို ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၆၁(ခ)နဲ့ (ဂ)အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားလူမျိုးဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ သုည ဒသမ တစ်ရာခိုင်နှုန်းရှိနေလျှင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပါဝင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး ကိစ္စတွေမှာ ဒါ့ထက်ပိုပြီး ကိုယ်စားပြုပါဝင်ကြမယ်ဆိုရင် ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့စနစ် ဖြစ်လာချင်တယ်ဆိုရင် ရွေးကောက်ပွဲ စနစ်ပုံစံကို ယခုကျင့်သုံးနေတဲ့ပုံစံနဲ့ အချိုးကျကိုယ်စားပြုခြင်းစနစ် (Pro-portional Representation-PR) ကို နှိုင်းယှဉ်စဉ်းစား သင့်ကြောင်း အကြံပြု လိုပါတယ်။

ပေါင်းစည်းနေထိုင်ခြင်းနဲ့ မျှဝေခံစားခြင်း

ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်တို့ကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ဒီမိုကရေစီဆိုတာ of the People - ပြည်သူပိုင်တဲ့ ဒီမိုကရေစီ၊ for the People - ပြည်သူ့အတွက်ဒီမိုကရေစီ၊ by the People - ပြည်သူလူထုက ရွေးချယ်သော ဒီမိုကရေစီလို့ ဆိုကြပါတယ်။ အဓိကကတော့ ပြည်သူ့အုပ်ချုပ် ရေးစနစ်ပဲ ဖြစ်ပါတယ်။ အများရဲ့ဆန္ဒနဲ့အညီ ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေး စနစ်ပဲဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာဟာလဲ “မတူကွဲပြားနေတဲ့ တိုင်းဒေသများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှာ လုပ်ဆောင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားတစ်ရပ်” ပဲ ဖြစ်ပါတယ်။ အနှစ်ချုပ်ပြောရရင် ပေါင်းစည်းနေထိုင်ခြင်းနဲ့ မျှဝေခံစားခြင်း သဘောတရားပဲဖြစ်ပါတယ်။ ဒီနေရာမှာ အယူအဆ သဘောတရားတစ်ရပ် သာဖြစ်လို့ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေသတ်မှတ်လို့မရဘဲ နိုင်ငံအလိုက်ကွဲပြားခြားနားတဲ့ ပထဝီဒေသ၊ လူမျိုးဘာသာများအပေါ် အခြေခံပြီး အမျိုးမျိုး ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ချုပ်ဆိုထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ပထမ ပိုဒ်မှာ “ဒီမိုကရေစီနှင့်ဖက်ဒရယ်တို့ကို အခြေခံသည့် ပြည်ထောင်စုစနစ်” ကို တည်ဆောက်ရမယ်လို့ ကျွန်တော်တို့ သဘောတူညီထားခဲ့ကြပါတယ်။
“ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စု” တည်ဆောက်ဖို့ အခြေခံလိုအပ်ချက်က ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့အတွက် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံအစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြပါတယ်။ တပ်မတော် အနေနဲ့လည်း တက်ကြွစွာပါဝင်ခဲ့ပါတယ်။ သို့သော် ဒီနေ့အထိ ငြိမ်းချမ်းရေး ဘာကြောင့် မရသေးသလဲဆိုတာ လေ့လာဆန်းစစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ယခင်အခမ်းအနားတွေ၊ တွေ့ဆုံမှုတွေ၊ ဆွေးနွေးပွဲတွေမှာလည်း ကျွန်တော် တော်တော်များများပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဓိက ကျနိုင်တဲ့ အချက် ၃ ချက်ကို ကျွန်တော်ပြောလိုပါတယ်။ အဲဒါတွေကတော့(တစ်) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ မရိုးသားမှု၊ (နှစ်) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို အခြားလုပ်ငန်းစဉ်တွေနဲ့ တွဲဆက်ထားလိုမှု၊ (သုံး) တိကျပြတ်သားတဲ့အခြေခံမူအပေါ်မှာ ခိုင်မြဲစွာရပ်တည်နိုင်မှု အားနည်း ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း(Stakeholder)တွေဟာ ရိုးသားကြ ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေး ရပြီးစ ကတည်းက ဖဆပလ အစိုးရဟာ အဲ့ဒီခေတ်က အင်အားကြီးမားခဲ့တဲ့ ဗကပ လက်နက် ကိုင်တွေနဲ့စေ့စပ်ညှိနှိုင်း နိုင်ရေး အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအခြေအနေ အပေါ်မှာ ဗကပအနေနဲ့ အခွင့်အရေးယူဖို့ အမြတ်ထုတ်ဖို့ပဲ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ရဲ့ “၅၅ လမ်းစဉ်” လို့ ပြောရမယ့် ၁၉၅၅ ခုနှစ် ဗကပဗဟိုကော်မတီရဲ့ ချမှတ်လိုက်တဲ့လမ်းစဉ်မှာ “ပြည်သူလူထုရဲ့ ဆန္ဒနှင့် ကိုက်ညီသည့် ‘ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး’ ကြွေးကြော်သံ တစ်ရပ်ကို နည်းပရိယာယ်တစ်ခုအနေဖြင့် ထုတ်ပြန်ပြီး ဤကြွေးကြော်သံ ဖြင့် လူထုကိုစည်းရုံးရမည်။ ပြည်တွင်းစစ်ကို ဖန်တီးသောတရားခံသည် ဖဆပလအစိုးရသာ ဖြစ်ကြောင်း လှုံ့ဆော်ဖန်တီးရမည်”လို့ ချမှတ်ထားတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါကို ပြန်ပြောနေရခြင်းဟာ ဒီနေ့လက်တွေ့ ဖြစ်နေတဲ့ အခြေအနေတွေကို ထင်ဟပ်စေချင်လို့ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ တပ်မတော်ကြောင့်ပဲ ဖြစ်ပွားသယောင် သမိုင်းကိုလုပ်ကြံဖန်တီးနေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ အချို့နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဗကပရဲ့ ၁၉၅၅ ခုနှစ် လမ်းစဉ်အတိုင်းပဲ ဖဆပလအစိုးရဆိုတဲ့ စကားရပ်နေရာမှာ တပ်မတော်ကိုအစားထိုးပြီး လုပ်ကြံဖန်တီးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ တပ်မတော်ရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)တွေနဲ့သာ သက်ဆိုင်ပြီး နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို တာဝန်ယူထားရတဲ့ အစိုးရနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆ၊ အစိုးရက ကြားနေ သို့မဟုတ် ဒိုင်သဖွယ်ဆောင်ရွက်ပေးမယ် ဆိုတဲ့ အယူအဆတွေ၊ အပြောအဆိုတွေကိုလည်း ကျွန်တော်တို့ ကြားသိ နေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင် နေတာဖြစ်ပါတယ်။ တက်လာတဲ့ အစိုးရတွေကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့အစိုးရတိုင်းကို တပ်မတော်က ကာကွယ်ပေးနေတယ် ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များ အပေါ် ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ၁၉၅ဝ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ပဲ ကျွန်တော်တို့ ပြောလိုပါတယ်။ အဲဒီခေတ်က ခေတ်စားခဲ့တဲ့စကားနဲ့ပဲ ပြန်ပြောရရင် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့” လို့ပဲ ဆိုချင်ပါတယ်။ တပ်မတော်ဟာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်အောင်၊ ဖြစ်သင့် ဖြစ်ထိုက်တာတွေဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်အဖြစ် ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြားလုပ်ငန်းစဉ်နဲ့ တွဲဆက်ထားလိုမှုပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံတော်ရဲ့အကျိုးစီးပွား၊ အမျိုးသားရေး အကျိုးစီးပွား(Natio-nal Interests)ထက် အရေးကြီးတာ ဘာမျှမရှိပါဘူး။ ဒီမိုကရေစီစနစ် တည်ဆောက်ရာမှာ ‘‘ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိရ” ဆိုတဲ့စကားရပ်ဟာ ဒီမိုကရေစီ အုတ်မြစ်တည်တံ့ခိုင်မြဲစေဖို့ အခြေခံလိုက်နာရမယ့် အချက်ဖြစ်သလို နိုင်ငံတည် ဆောက်ရေး(State Building)၊ တိုင်းပြည်တည်ဆောက်ရေး(Nation Buliding)တည်ဆောက်ရာ မှာလည်း “အမျိုးသားအကျိုးစီးပွား၏အထက်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း မျှမရှိရ” ဆိုတာ ခံယူကြရမှာ ဖြစ်ပါတယ်။ ယနေ့ဖြစ်စဉ်များကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ တွေ့နိုင် ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအရေးကိစ္စတွေအတွက် ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေဟာ ဒီအမျိုး သား အကျိုးစီးပွားအပေါ်မှာ အစဉ်တစိုက်ရပ်တည်နေဖို့၊ ရည်ညွှန်းနေဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ပုဂ္ဂလိကဆန္ဒတွေ၊ နိုင်ငံရေးလိုဘတွေ၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားတွေအပေါ်မှာသာ အခြေခံတွက်ချက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အခြားလုပ်ငန်းစဉ်တွေနဲ့ တွဲဆက်ထားတာဟာ မူလအဓိကဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကော၊ တွဲဆက်ထားတဲ့ လုပ်ငန်းစဉ်တွေကိုကော အောင်မြင်မှုနဲ့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ “တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်” ဆိုတဲ့ မြန်မာဆိုရိုးဟာလှပပေမယ့် တစ်ကယ့်တကယ်လက်တွေ့ဘဝမှာတော့ “တစ်ချက်ခုတ်ရင် တစ်ချက်ပြတ်” နိုင်ဖို့ဟာ ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။

တတိယ အချက်အနေနဲ့ “တိကျပြတ်သားတဲ့ အခြေခံမူအပေါ်မှာ ခိုင်မြဲစွာရပ်တည်ရေး” ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အခြေခံမူများရှိပြီး ဖြစ်ပါတယ်။ အခြေခံမူကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ပဲ ဖြစ်ပါတယ်။ NCA စာချုပ် ဘယ်လိုဖြစ်ပေါ် လာတာလဲ၊ NCA ထဲမှာ ဘာတွေပါတယ်၊ NCA ဟာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လို့ အမည်တပ်ထားပေမယ့် NCA ထဲမှာပါတဲ့ သဘောတူညီချက်တွေ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေဟာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်တယ်။ အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်ကြမယ်ဆိုတာအထိ ပါတယ်ဆိုတာကို ကျွန်တော် အကြိမ်ကြိမ် ရှင်းလင်းပြပြီး ဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သမိုင်းမှာ ဒီလိုအဖွဲ့အစည်းများစွာနဲ့ အချိန်ယူညှိနှိုင်းဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုးထားနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါ့ကြောင့် NCA ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေရဲ့ အခြေခံမူဖြစ်ပါတယ်။ ဒီအပေါ်မှာ ယိမ်းယိုင် နေလို့ မရပါဘူး။ တာဝန်ရှိသူများကိုယ်တိုင် ဒီစာချုပ်အပေါ်မှာ သဘောထား ဝေဝါးနေတာ၊ ရပ်တည်ချက် ယိမ်းယိုင်နေတာတွေဟာ အန္တရာယ်များပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး ခိုင်ခိုင်မာမာရပ်တည်ကာ အင်တိုက်အားတိုက် လုပ်ကိုင်ကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။
ဆေးပညာရပ်ဆိုင်ရာမှာ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုပြီးကောင်းတယ်” ဆိုတဲ့ စကားရပ်ရှိပါတယ်။ ယခုလက်ရှိ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါဟာ ကုသဖို့ဆေး ယခုအချိန်ထိမရှိသေး ပါဘူး။ ဒီကုသဖို့ဆေး ခုထိမရှိသေးတဲ့ ကမ္ဘာ့ကပ်ရောဂါကို ကျွန်တော်တို့ ကမ္ဘာ့လူသားတွေ ဘယ်လိုရင်ဆိုင်နေကြသလဲ။ ကာကွယ်ခြင်းနဲ့ ရင်ဆိုင်နေ ကြရတာပါ။ ကိုယ်ခံအားကောင်းစေခြင်းနဲ့ ရင်ဆိုင်နေကြရတာပါ။ တပ်မတော် ရဲ့အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်ပါတယ်။ ကာကွယ် ရေးဆိုတဲ့ စကားရပ်ဟာ အလွန်ကျယ်ပြန့်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး ဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းဆိုတဲ့ နယ်ပယ်လောက်နဲ့တင် ပြည့်စုံနေပြီလို့ ယူဆလို့မရပါဘူး။ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ခြင်း၊ နိုင်ငံရဲ့အနာဂတ်ကို ကာကွယ်ခြင်းအထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စီမံနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားလို့ခေါ်တဲ့ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ကျစ်လစ်ခိုင်မာ တောင့်တင်းအောင် တည်ဆောက်ဖို့ လိုပါတယ်။ နိုင်ငံနယ်နိမိတ်ကို ကာကွယ်ခြင်း၊ အချုပ်အခြာ အာဏာကို ကာကွယ်ခြင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်း ကနေ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမယ့်ကိစ္စတွေ၊ နိုင်ငံရဲ့ အမျိုးသားရေး ကိုယ်ခံစွမ်းအားကို ယုတ်လျော့စေမယ့်ဟာတွေကို ကျွန်တော်တို့ စွန့်လွှတ်ရပါမယ်။ သတိရှိရှိ ဖော်ထုတ်ကြ ရပါမယ်။ ပူးပေါင်းကာကွယ် ကြရပါမယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ စည်းလုံးမှု၊ အမျိုးသားရေးကိုယ်ခံစွမ်းအားနဲ့ ကာကွယ်ရေးစွမ်းအား တွေကို ယုတ်လျော့စေမယ့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းစေဖို့ တပ်မတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ခေတ်အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့သလို ပစ္စုပ္ပန်မှနေ အနာဂတ်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ တပ်မတော်အနေနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မူဘောင် ၃ ရပ်ကို ချမှတ်ပြီး နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်း စဉ်တွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက် ရာမှာ စည်းလုံးညီညွတ်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်ရဲ့ ပကတိ လိုအပ်ချက်က ပြည်နယ်နဲ့ တိုင်းဒေသကြီး တစ်ခုချင်းစီအတွင်းမှာပဲ ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေတာတွေ၊ ကျေးလက်နဲ့ မြို့ပြအကြား လူနေမှုစနစ် ကွာဟနေတာတွေ၊ ဆင်းရဲချမ်းသာ ကွာဟနေတာတွေကို ထိထိရောက်ရောက် လက်တွေ့လျှော့ချနိုင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကွာဟချက်များ လျှော့ချခြင်းကနေ ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ မိမိတို့နိုင်ငံ အကြား ကွာဟမှုတွေကို လျှော့ချနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ သဘာဝသယံဇာတ အပါအဝင် အရင်းအမြစ် ပေါကြွယ်ဝတဲ့နိုင်ငံလို့ ပြောကြပါတယ်။ မှန်သင့်သလောက် မှန်ပေမယ့် အလုံးစုံမမှန်ပါဘူး။ ရှိပြီးသား ရုပ်ဝတ္ထု အရင်းအမြစ်တွေကို အကျိုးရှိရှိအသုံးချ နိုင်မယ့် အသိပညာ၊ အတတ်ပညာ မြင့်မားကျွမ်းကျင်မှုရှိတဲ့ လူသားအရင်းအမြစ်တွေကတော့ ချို့တဲ့နေဆဲ ဖြစ်ပါတယ်။

သာဓကအနေနဲ့ ပြောရရင် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့လူဦးရေနှင့် သန်းခေါင်စာရင်းအရ ပညာသင်ကြားရမယ့်အရွယ် အသက် ၅ နှစ် ကနေ ၂၁ နှစ် အထက် အုပ်စု(၅)ခုကို မွေးစာရင်း ကောက်ယူ တဲ့အခါမှာ လူဦးရေ ၅ ဒသမ ၆ သန်းက လုံးဝကျောင်း မနေဖူးဘူးလို့ ကောက်ယူရရှိခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေ ၅၄ သန်းရှိပါတယ်။ စောစောက ၅ ဒသမ ၆ သန်းဟာ ကျောင်းမနေဖူးဘူး၊ ပညာတတ်မြောက်မှု အားနည်းတယ် ဆိုတဲ့ သဘောပါပဲ။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၂၂ နှစ်တာကာလ တိုင်းပြည်ရဲ့ အခြေခံပညာရည်စစ်တမ်းများကို ကျွန်တော်လေ့လာကြည့်တဲ့ အခါမှာ ဒီ ၂၂ နှစ်အတွင်းမှာ အခြေခံပညာကျောင်းများမှာ ကျောင်းနေတဲ့ ကလေး ၂၇ သန်းရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အထိ ၂၂ သန်း ကျောင်းနေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ပဉ္စမတန်းအထိ ပညာသင်ကြားသူ ၁၂ သန်းပဲ ရှိပါတယ်။ ကျောင်းနေတဲ့သူတွေထဲက ထက်ဝက်ကျော်ဟာ မူလတန်းပညာရေးမှာပဲ လမ်းဆုံးသွားခဲ့တာပါ။

ဒီလိုပဲ ၂၀၀၀ ပြည့်နှစ်က စပြီး ၂၀၀၉ ခုနှစ်အထိ ၁၀ နှစ်စာ စာရင်းကို လေ့လာကြည့်တဲ့ အခါမှာလည်း ကျောင်းနေသူ ၁၂ သန်း ရှိတယ်။ ပဉ္စမတန်း၊ အခြေခံပညာ အလယ်တန်းကို ရောက်ရှိတာ ၆ သန်းနဲ့ ၄ သိန်းပဲ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ လက်တွေ့ ပညာရေးအခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီ ၁၉၉၇ ခုနှစ် ပတ်ဝန်းကျင်ကနေ ၂၀၀၂ ခုနှစ် အတွင်း ကျောင်းနေခဲ့တဲ့အရွယ် ကလေးများဟာ ဒီနေ့မှာအသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြမယ့် လူငယ်လူရွယ်တွေပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ပုံဖော်မယ့်သူများ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး ပညာရည်မြင့်မားရေး ဆောင်ရွက် ပေးဖို့လိုအပ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ပညာသင်ကြားခြင်းဟာ သင်ကြားတဲ့ အတတ်ပညာများကို ယေဘုယျအားဖြင့် တိုက်ရိုက်အသုံးချ ဆောင်ရွက်ခြင်းထက် ပညာသင်ကြားသူ၏ ကိုယ်ရည်ကိုယ်သွေး အတွေးအခေါ်နဲ့ ဆင်ခြင်သုံးသပ် နိုင်စွမ်းကို မြှင့်တင်ခြင်းဖြစ်တယ်လို့ လေ့လာမှတ်သားမိပါတယ်။ ပညာရေးအပေါ်မူတည်ပြီးတော့ နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျ သည့်နိုင်ငံလို့ ကွဲပြားခြားနားနေ ပါတယ်။ လူတွေမှာလည်း ဒီလိုပဲဖြစ်ပါတယ်။
ပညာရေးနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီးတော့ အလုပ်အကိုင်ရရှိမှု၊ တာဝန်ပေးမှု၊ တာဝန်ထမ်းဆောင်မှုတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။ အရိုးရှင်းဆုံး ပြောရရင်တော့ အတန်းပညာ တတ်လိုရင် ပထမဆုံးကျောင်းနေရမှာ ဖြစ်ပါတယ်။ ပြီးရင်သင်ယူလေ့လာပြီး စာမေးပွဲဖြေရမှာ ဖြစ်ပါတယ်။ ဒါတွေ ဟာ မိမိကိုယ်တိုင်လုပ်ရမယ့် အလုပ်တွေ ဖြစ်ပါတယ်။ မိဘတွေ၊ အုပ်ထိန်း သူတွေလုပ်ပေးနိုင်တာက ကျောင်းအပ်နှံပေးတာနဲ့ ပညာကြိုးစားဖို့ လုံလောက် တဲ့အခြေအနေ ဖန်တီးပေးတာပဲ ဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့ သဘောတရားကို သဘောပေါက်ရင် ကွာခြားနေမှု ဆိုတဲ့ကိစ္စတွေကို ပြောင်းလဲပစ်နိုင်မှာ ဖြစ် ပါတယ်။ တောင်းဆိုနေစရာ မလိုပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ အတွင်းမှာ ကျင်းပခဲ့တဲ့ NCA စာချုပ်ချုပ်ဆိုခြင်း (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာ “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အောင်မြင်စွာတည်ဆောက်နိုင်ဖို့ ဘယ်သူကမှ လာရောက် ကြိုးပမ်းပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဖော်ဆောင်သွားရမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၊ နိုင်ငံသူ၊ နိုင်ငံသားတွေကပဲ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ကြရာမှာ ကျွန်တော်တို့ဟာ မဖြစ်နိုင်တဲ့၊ နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ဆန္ဒတစ်ခုတည်းအပေါ်မှာ အာရုံစိုက် ဆောင်ရွက်နေမယ့်အစား ဖြစ်နိုင်ခြေတွေအပေါ်မှာ အာရုံစိုက်ဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ထိရောက်စေမှာဖြစ်တယ်” လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။
ဒီနေ့ ဒီအချိန်အခါဟာဆိုရင်လည်း ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ၂ လကျော်လိုတဲ့ အချိန်ကာလ အချိန်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်ကျင့်သုံးနေတဲ့ “ပါတီစုံဒီမိုကရေစီစနစ်” အတွက် ရွေးကောက်ပွဲကြီး ဟာ အရေးကြီးတဲ့လုပ်ငန်း၊ ကျော်ဖြတ်ရမယ့် ဖြစ်စဉ်ကြီးဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ရှိတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့ ရည်ရွယ် ပြီးတော့မှ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံတတိယအစည်းအဝေးမှာ “၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးအတွက် ဆောင်ရွက်သွားကြပါ” လို့ အလေးထားတိုက်တွန်းပြောကြားခဲ့ပါတယ်။ ထပ်ပြီးတော့လည်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ NCA စာချုပ်ချုပ်ဆိုခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာလည်း “တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပြီးမြောက်စေဖို့အတွက် သန္နိဋ္ဌာန်ချထားတယ်၊ ဒီသန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမယ်” လို့ ကျွန်တော်ထပ်လောင်း ပြောခဲ့ပါတယ်။ တပ်မတော် အနေနဲ့ ၂၀၁၉ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမျှမရှိတဲ့ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တွေကို ထုတ်ပြန်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လကြာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲပေးခဲ့ပါတယ်။ ယခုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့ ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ထပ်မံရပ်စဲကြောင်း ကြေညာပေးခဲ့ပါတယ်။ ဒါတွေဟာ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့နေရာတွေမှာ တည်ငြိမ်မှု ရှိစေဖို့၊ လက်နက်ကိုင်အဖွဲ့များရဲ့ ဖိအားပေးမှုအောက်မှာ မဲဆန္ဒရှင်ပြည်သူများ အကြောက်တရားနဲ့ မဲပေးရမယ့်အခြေအနေ မဖြစ်စေဖို့အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဆက်တည်း တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော်ကိုလည်း တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့သော် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေနဲ့ အလေးအနက်ထားမှု အားနည်းခဲ့ကြောင်း ကျွန်တော်တွေ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မယ့် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်ကောင်းတွေ ရွေးချယ်နိုင်ဖို့၊ အဲဒီကတစ်ဆင့် အရည်အချင်းရှိတဲ့ အစိုးရကောင်းတစ်ရပ် ဖြစ်ပေါ်လာစေဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုတာဝန်ရှိတာနဲ့အညီ ဒီနေ့တက်ရောက်လာကြသူအားလုံးကလည်း မိမိတို့ တာဝန်ရှိရာ သက်ဆိုင်ရာနယ်ပယ်နဲ့ ဒေသအသီးသီးမှာ ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဖြစ်မြောက်အောင် အာရုံစိုက်ကြသလို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ လူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး စေလိုပါတယ်။
ဒါ့ကြောင့်-
- ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေအခက်အခဲဖြစ်နေသလဲဆိုတာကို မြင်အောင်ကြည့်ပြီး ပြုပြင်စရာ ရှိတာတွေကို အမြန်ပြုပြင် သွားကြရမှာ ဖြစ်ပါတယ်။

- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတဲ့ အခြားလုပ်ငန်းမရှိဘူးဆိုတာ သဘောပေါက်ပြီး အမျိုးသား အကျိုးစီးပွားမှအပ ကျန်အကျိုးစီးပွား ကင်းရှင်းစွာ ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။

- “ကျွန်တော်တို့အားလုံးဟာမြန်မာ” ဆိုတဲ့စိတ်၊ တစ်သွေး၊ တစ်သားတည်း စည်းလုံးညီညွတ်တဲ့စိတ်နဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းကြရမှာ ဖြစ်ပါတယ်။

- မကြာခင် ကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးကိုလည်း အဖျက်အမှောင့် ပယောဂကင်းတဲ့ ရွေးကောက်ပွဲတွေဖြစ်အောင်၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်အောင် သက်ဆိုင်ရာနယ်ပယ်၊ ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။