လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး၊ နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဟူသော စံချိန်စံညွှန်းများနှင့် ညီညွတ်သည့်ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရန်မှာ ဦးစွာနိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်သည်။ နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ မဲပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်စွာရရှိရေးအတွက် အလေးထားဆောင်ရွက်ရန်ဖြစ်သည်။
CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် EAO အဖွဲ့အချို့၏ ပံ့ပိုးကူညီမှု၊ ထောက်ပံ့မှုများကိုရယူ၍ လက်နက်ကိုင်အကြမ်းဖက်မှုများကို ပြုလုပ်လျက်ရှိသည်။ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိသည်။ ထို့ပြင် ဒေသအတွင်းရှိ ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ကြားမှု အခွင့်အရေးများစွာတို့လည်း နစ်နာဆုံးရှုံးနေကြရသည်။ ဒေသခံပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်ပျက်စီးကြရသလို ဒေသအချို့တွင်မူ ဒေသခံပြည်သူများမှာ အိုးပစ်၊ အိမ်ပစ်နှင့် တိမ်းရှောင်ပြေးလွှားနေကြရသည်။
ယင်းသို့သော အခြေအနေများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန်မဆိုထားဘိ သာမန်နေ့စဉ် ဘဝရှင်သန်နိုင်ရန်အတွက်ပင် ကျီးလန့်စာစားခက်ခဲလျက်ရှိရာ ဒေသများတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မဖြစ်မနေတည်ဆောက်သွားနိုင်ရန်လိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့်နယ်မြေနှင့် တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေတို့နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့်နယ်မြေတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ များစွာကွာဟသွားသည်ကို တွေ့ရကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) တွင် ပြောကြားခဲ့ပြီး ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။
ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတွင်းနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်သာမက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်မည့် အခင်းအကျင်းတစ်ရပ်အတွက်ပါ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ လိုအပ်သည်။ နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပြေးညီမည်သို့ပင်ဆောင်ရွက်ပေးစေကာမူ အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ဆောင်ရွက်၍မရခြင်းကြောင့် ယင်းနယ်မြေများမှာ နောက်ကျကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၏ ဆိုးကျိုးကိုခံယူရသူများမှာ ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများပင်ဖြစ်သည်။ နယ်မြေဒေသများသည် နိုင်ငံတော်၏ အစိတ်အပိုင်းများပင် ဖြစ်ပြီး ဒေသတွင်းနေထိုင်ကြသူများမှာ နိုင်ငံသားတိုင်းရင်းသား ပြည်သူများပင် ဖြစ်သည့်အလျောက် နိုင်ငံအနေဖြင့်လည်း ထိခိုက်နစ်နာဆုံးရှုံးရခြင်းပင်ဖြစ်ရာ အကြမ်းဖက်မှုများတိုက်ဖျက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပြည်သူလူထုပူးပေါင်းပါဝင်မှုအင်အားဖြင့် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။