Skip to main content

ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂတ်အတွက် အင်အားစုများ

မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထားသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူငယ်ဦးရေအချိုးသည် မြင့်တက်လျက်ရှိပြီး လူငယ်ဦးရေများပြားနေသည့်အတွက် ‘‘လူဦးရေဆုလာဘ်’’ကို ရရှိခံစားနေရသည်ဟုလည်းဆိုသည်။ လူတစ်ယောက်၏ လူငယ်ဘဝအသက်အပိုင်းအခြားသည် လှုပ်ရှားတက်ကြွသည့်အရွယ်၊ ဖွံ့ဖြိုးတိုးတက်သည့် အရွယ်ဖြစ်ပြီး လူသားတစ်ယောက်၏ အမြင့်ဆုံးသောစွမ်းရည်များကို ပြသနိုင်သည့်အရွယ်လည်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိသတ်မှတ်ပြီး တက္ကသိုလ်ကျောင်း ၅၀ နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတို့တွင် လူငယ်လှုပ်ရှားမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များသည် အဓိကစွမ်းအားစုများအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူလူငယ်များ သတိပြုမိစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်သီတင်းပတ်(Youth Week) အစီအစဉ်တွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဖွံ့ဖြိုးရေးဆိုင်ရာ လူငယ်လှုပ်ရှားမှုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်သည်။ ကိုယ်ကာယဖွံ့ဖြိုးရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေးနှင့် ဗဟုသုတပြည့်စုံရေး၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးဆိုင်ရာအသိအမြင်များ ကျယ်ပြန့်ရေးတို့ကို လူငယ်ဘဝတွင် ပြည့်စုံအောင် လေ့ကျင့်ဖြည့်ဆည်းပေးနိုင်သည်နှင့်အမျှ အနာဂတ်ကာလတွင် နိုင်ငံက အားကိုးအားထားပြုရမည့် စွမ်းအားစုများကို ရရှိနိုင်မည်ဖြစ်သည်။

မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက်လည်း ပညာတတ်များစွာ လိုအပ်လျက်ရှိရာ ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက အမြဲမပြတ် တိုက်တွန်းအားပေးလျက်ရှိသည်။ နိုင်ငံအတွက် လိုအပ်သော တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်း အမြစ်များရရှိရန် ပညာရေးနှင့်ကျန်းမာရေးနယ်ပယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် လိုအပ်သကဲ့သို့ လူငယ်ထုအတွင်း ဗလငါးတန်ဖွံ့ဖြိုးရေးကိုလည်း ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ပြုလုပ်သွားရမည်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦး‌ရေတွင် လူငယ်ဦးရေအချိုးအစားက မြင့်မားနေခြင်းကြောင့် ‘‘လူဦးရေဆုလာဘ်’’ ရရှိသည်ဟုဆိုရာတွင် အဆိုပါလူငယ်များအား နိုင်ငံအကျိုးပြုသည့် စွမ်းအားစုများဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ရန် လိုအပ်သလို နိုင်ငံတည်ဆောက်ရေးတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လည်း လိုအပ်သည်။ အဆိုပါလူဦးရေဆုလာဘ်ကို နှစ်ပေါင်းနှစ်ဆယ်အတွင်း အကျိုးရှိရှိသုံးစွဲနိုင်ခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ ပညာတတ်ရုံမျှမက ကျန်းမာကြံ့ခိုင်သော၊ အကျင့်စာရိတ္တမြင့်မားသော၊ ပေါင်းသင်းဆက်ဆံမှု ကျယ်ပြန့်သော၊ စီးပွားရေး ကျွမ်းကျင်သော လူငယ်များဖြစ်လာအောင် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)