နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေခွင့်ရရှိရေး၊ အခြေခံပညာကို အခမဲ့သင်ယူခွင့်ရရှိရေး၊ အခြေခံပညာမူလတန်း၊ အလယ်တန်းမပြီးဆုံးမီ ကျောင်းထွက်မှုများ နည်းပါးစေရေးအတွက် ပညာရေးမြှင့်တင်မှုအစီအစဉ်များ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
အခြေခံပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းအဆင့် (Grade -9) အဆင့် သင်ယူပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ယခုပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတို့တွင် အဆိုပါ ဘာသာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ယခုအခါ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းများကို တိုးတက်ရယူနေကြပြီဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခရိုင်၌ ၃၄ ကျောင်း ထပ်မံဖွင့်လှစ်ပေးမည်ဟု သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးမည်ဖြစ်၍ အဆိုပါအထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင် ကြားကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်းပညာအဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများရရှိပြီး ပညာသင်ယူမှုပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ လွယ်ကူစွာရရှိလာမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူအများစု၏ မိသားစုများအနေဖြင့် ဘဝရပ်တည်နိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရသူများဖြစ်ရာ ပညာသင်ယူမှုကို တစ်ပိုင်း တစ်စဖြင့် ရပ်တန့်မသွားစေရန်အတွက် ဤအသက်မွေးဝမ်းကျောင်းပညာရပ်များက အထောက်အကူပြုမည်ဖြစ်သည်။
ထို့ကြောင့် အခြေခံပညာအလယ်တန်းအဆင့်ရောက်အောင် ပညာသင်ကြားခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် အနာဂတ်တွင် ဆက်လက်ဆည်းပူးရမည့် အခွင့်အလမ်းများကို သိရှိထားရန်လိုအပ်သည်။ အထက်တန်းအဆင့်ကို ပြီးမြောက်အောင်သင်ယူမည်လား၊ စက်မှုနည်းပညာကို သင်ယူမည်လား၊ စိုက်ပျိုးရေးအတတ်ပညာကို သင်ယူမည်လား၊ မွေးမြူရေးအတတ်ပညာကို သင်ယူမည်လား၊ ပညာသင်ကြားမှုကို ရပ်တန့်လိုက်မည်လား နည်းလမ်းငါးသွယ်တွင် နောက်ဆုံးနည်းလမ်းကို ရှောင်ရှား၍ နည်းလမ်းလေးမျိုးအနက် မိမိတို့နှစ်သက်ရာ၊ စိတ်သန်ရာ၊ ဝါသနာပါရာ နည်းလမ်းတစ်မျိုးမျိုးကို မဖြစ်မနေ ရွေးချယ်သင့်သည်။
ငွေကြေးတတ်နိုင်သူများအနေဖြင့် ပထမနည်းလမ်းကိုရွေးချယ်၍ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ပြီး ငွေကြေးမတတ်နိုင်သူ၊ စီးပွားရေးလုပ်ကိုင်လိုသူ၊ ဝါသနာပါသူများအနေဖြင့် ကျန်နည်းလမ်းသုံးမျိုးကို ရွေးချယ်သင့်သည်။ ငယ်စဉ်အခါ ပညာသင်ကြားကြပြီး ဤသို့ဖန်တီးဖော်ဆောင်ပေးထားသောပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းတစ်မျိုးမျိုးကို ရွေးချယ်သင်ကြားကြခြင်းဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်နှင့် နိုင်ငံတော်၏အနာဂတ် တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် သင်ကြားဆည်းပူးကြခြင်းဖြင့် မိမိတို့၏ဘဝများလည်း တိုးတက်ပြောင်းလဲလာမည် ဖြစ်သည်။ ဤအစီအစဉ်မပေါ်ပေါက်မီက အခြေခံပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်ဘဲ ကြုံရာကျရာဘဝများဖြင့် သင့်သလိုဖြတ်သန်းနေကြသော လူငယ်လူရွယ်များ အမြောက်အမြားရှိသည်။
စက်မှုနည်းပညာလမ်းကြောင်းတွင် အဆောက်အဦနည်းပညာ၊ လျှပ်စစ်နည်းပညာနှင့် စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာဘာသာရပ်များကို စာတွေ့၊ လက်တွေ့၊ လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်သူများအနေဖြင့် သင်တန်းအောင်လက်မှတ်ဖြင့် လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်မည် ဖြစ်သည်။ အဆင့်မီအောင်မြင်သူများအနေဖြင့် စက်မှုသိပ္ပံ/ကောလိပ်များသို့ ဆက်လက်တက်ရောက်၍ ဒီပလိုမာရယူနိုင်ပြီး အထူးအောင်မြင်သူများအနေဖြင့် စက်မှုတက္ကသိုလ်များသို့တက်ရောက်၍ အင်ဂျင်နီယာဘွဲ့များရရှိကာ ဘဝအဆင့်မြှင့်တင် တက်လှမ်းနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များတွင်လည်း အလားတူအဆင့်မြှင့်တင် တက်လှမ်းနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေဘဲ မိမိတို့ဘဝအခြေအနေအလိုက် သင့်လျော်ကောင်းမွန်ရာ အသက်မွေးဝမ်းကျောင်းပညာများကို စဉ်ဆက်မပြတ် သင်ကြားတတ်မြောက်စေရန်အတွက် ဖော်ဆောင်ပေးထားသော ပညာရေးအခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်၍ မိမိတို့ဘဝ၊ နိုင်ငံတော်၏အနာဂတ် တိုးတက်တောက်ပြောင်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်