Skip to main content

မြန်မာ - ဖိလစ်ပိုင် ချစ်ကြည်ရေးအထိမ်းအမှတ် မြန်မာရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၁၅

(၆၇)နှစ်မြောက် မြန်မာ - ဖိလစ်ပိုင် ချစ်ကြည်ရေးအထိမ်းအမှတ် နှစ်နိုင်ငံ အနုပညာ ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ရိုက်ကူးတင်ဆက်သည့် “ချစ်လှစွာသော မြန်မာရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ် အမရပူရခန်းမ၌ ကျင်းပသည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံး တာဝန်ခံ Mr. Enrique Voltalre Plngol၊ ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းမှတာဝန်ရှိသူများ၊ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားကြသည့် အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာပေနှင့် စာနယ်ဇင်းများမှ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ (၆၇)နှစ်မြောက် မြန်မာ - ဖိလစ်ပိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးတာဝန်ခံ၏ ဂုဏ်ပြုနှုတ်ခွန်းဆက် Video Message ကို ဆက်လက်ဖွင့်လှစ်ပြသသည်။

ထို့နောက် အခမ်းအနားမှူးက ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပြသရခြင်းနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ယင်းရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားကြသည့် အနုပညာ ရှင်များနှင့် မိတ်ဆက်ပေးကာ ထုတ်လုပ်သူ မခွန်မိုင်အောင်က အမှတ်တရစကား ပြောကြားသည်။

ယင်းနောက် ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားကြသည့် အနုပညာရှင်၊ အတတ် ပညာရှင်များအား မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ တာဝန်ခံ Charge D' Affairs Mr. Enrique Voltaire Pingol က အမှတ်တရပန်းစည်းများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ “ချစ်လှစွာသော ရုပ်သံဇာတ်လမ်းတွဲမှ ပြကွက်များကို ထုတ်နုတ်ပြသပြီးနောက် ဒါရိုက်တာ အိအိခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တက်ရောက်လာကြသည့် ရုပ်ရှင်၊ ရုပ်သံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ချစ်ခင်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစား တန်ဖိုးထားမှုတို့ဖြင့် သံတမန်ဆက်ဆံရေး (၆၇)နှစ်မြောက် ပြည့်မြောက်ခဲ့ခြင်းဖြစ်ရာ ယင်းအထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံတွင် ABS-CBN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့စဉ် အောင်မြင်ကျော်ကြားခဲ့သည့် “My Dear Heart” ရုပ်သံဇာတ်လမ်းတွဲကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Forever Group Holding Ltd., က ဝယ်ယူခဲ့ပြီး မြန်မာမှုပြုကာ မြန်မာ့အနုပညာရှင်များနှင့် ဆေးရုံကြီးများ Setting နောက်ခံထား၍ ပြန်လည်ရိုက်ကူးပြသရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အိအိခိုင်က ဖန်တီးပုံဖော်ထားပြီး လူတစ်ဦးနှင့် တစ်ဦးအကြား မေတ္တာတရားကို အခြေခံရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်၊ စည်သူဝင်း၊ ဝင့်ယမုံနိုင်၊ မေဆူးမောင်နှင့် အနုပညာရှင်များစွာပါဝင်၍ အပိုင်း(၇၈)ပိုင်းဖြင့် MRTV - 4 ရုပ်သံလိုင်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညစဉ် ၇ နာရီတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်