မြန်မာအမျိုးသားလေကြောင်းကို (၇၅) နှစ် စိန်ရတုတိုင် ရှင်သန်ရပ်တည်နိုင်ရေး ခေတ်အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊ ဝန်ထမ်းဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြု
နေပြည်တော် စက်တင်ဘာ ၁၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA) ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာအမျိုးသားလေကြောင်းမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် မြန်မာအမျိုးသားလေကြောင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အောင်မြင်မှုမှတ်တိုင်များ စိုက်ထူ
ထို့နောက် အခမ်းအနားကို LED Annimation ဖြင့် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင်လေယာဉ်ခရီးစဉ်များ၊ လေကြောင်းလိုင်းပြေးဆွဲမှုများဟု ပြောလိုက်ပါက မိမိအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ရင်ထဲ၌ အရင်ဦးဆုံးပြေးမြင်မိသည်မှာ UBA နှင့် BAC ပင်ဖြစ်ပါကြောင်း၊ မြန်မာ့လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့် UBA နှင့် BAC သည် ပြည်တွင်းလေကြောင်းခရီးစဉ်များကိုသာမက ဒေသတွင်းပြည်ပနိုင်ငံများနှင့် ခရီးစဉ်များကိုပါပြေးဆွဲခဲ့ပြီး သမိုင်းတစ်ခေတ်တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့်လည်း ပြည်သူလူထု၏ရင်ထဲတွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာလည်းဖြစ်ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးစနစ် အောင်မြင်နိုင်ရေးဆိုရာတွင် လေကြောင်းလိုင်းများ၏ လေယာဉ်အမှုထမ်းများ စွမ်းရည်ကောင်းမွန်မှုသာမက လေယာဉ်ကွင်းများ၊ လေဆိပ်ဝန်ဆောင်မှုများလည်း ကောင်းမွန်ရန်လိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လေယာဉ်ပြေးလမ်းများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ ပြုလုပ်ပေးနေသကဲ့သို့ လေဆိပ်ဝန်ဆောင်မှုများ ကောင်းမွန်စေရန်လည်း ဖြစ်နိုင်သမျှ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနေပါကြောင်း၊ အလားတူ လေဆိပ်တွင်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအသီးသီး၏ စွမ်းဆောင်ရည် ကောင်းမွန်ရန်လည်းလိုပါကြောင်း။
နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လေကြောင်းပို့ဆောင်ရေးကဏ္ဍသည် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လေကြောင်းခရီးနှင့်သွားလာခြင်းသည် ငွေကြေးကုန်ကျမှုများသော်လည်း အချိန်တိုအတွင်း လိုရာခရီးသို့ရောက်နိုင်ပြီး လုပ်ငန်းတွင်ကျယ်မှုလည်းရှိစေပါကြောင်း၊ ထို့ကြောင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍကို အလေးအနက်ထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။
မြန်မာအမျိုးသားလေကြောင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့” (Union of Burma Airways - UBA) အမည်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ်တွင် “လေကြောင်း ပို့ဆောင်ရေးကော်ပိုရေးရှင်း” (Burma Airways Corporation-BAC)၊ ၁၉၈၉ ခုနှစ်တွင် “မြန်မာ့ လေကြောင်း”(Myanma Airways-MA)၊ ၂၀၁၅ ခုနှစ်တွင် “မြန်မာအမျိုးသားလေကြောင်း” (Myanmar National Airlines - MNA) အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကို ထမ်းဆောင်ခဲ့ပါကြောင်း။
ဆက်လက်ထိန်းသိမ်းဆောင်ရွက်
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုမျှော်မှန်းပြီး ခေတ်အဆက်ဆက် နိုင်ငံတော်ကပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကောင်းမွန်သည့် အစဉ်အလာနှင့်သမိုင်းကြောင်းကို ထာဝစဉ်ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာအမျိုးသား လေကြောင်းအနေဖြင့် ဝေးလံပြီးသွားလာမှုခက်ခဲသည့် ဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စရပ်များ အဆင်ပြေစွာဖြင့် အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်ပျံသန်းပို့ဆောင်နေသည့် လေကြောင်းလိုင်းဖြစ်သည်နှင့်အညီ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။
ပြည်ပခရီးစဉ် ပျံသန်းမှုများအနေဖြင့်လည်း ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ် (Schedule Flight) များ ပျံသန်းနေသည့်အပြင် ဗုဒ္ဓဂယာဘုရားဖူးစင်းလုံးငှား (Charter Flight) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှုကဏ္ဍတွင် MNA အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး အောင်မြင်စေရေးအတွက်လည်း ဆုမွန်ကောင်းတောင်းပါကြောင်း။
ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပျံသန်း
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးနိုင်ငံတိုင်း၏ စီးပွားရေးကဏ္ဍ ကျဆင်းမှုဖြစ်ခဲ့ရသကဲ့သို့ လေကြောင်းခရီးသွားလာ ပို့ဆောင်မှုအပေါ်တွင်လည်း များစွာသက်ရောက်မှုရှိခဲ့ပါကြောင်း၊ ယခုပြန်လည်နာလန်ထူလာပြီး ခရီးစဉ်ပေါင်းများစွာ၊ လေယာဉ်ပေါင်းများစွာ တိုးချဲ့ပြေးဆွဲနေသည်ကိုတွေ့ရပါကြောင်း၊ ထိုကဲ့သို့တိုးချဲ့ပြေးဆွဲနိုင်ခြင်းသည် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကျိုးဖြစ်ထွန်းမှုရှိခြင်းကြောင့်သာဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့်လည်း “ကမ္ဘာကြည့် ကြည့်မြင်” ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်ကာလကိုရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ဈေးကွက်သုတေသနကို အလေးထားပြုလုပ်စေလိုပါကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့်လိုက်လျောညီထွေစွာ ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး လေယာဉ်စင်းရေတိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့်ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကိုတိုးချဲ့ပြေးဆွဲမှုများ ဆောင်ရွက်သွားရန် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန် စီစဉ်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်ကိုတိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးရာရောက်မည်လည်း ဖြစ်ပါကြောင်း။
ရေရှည်ရှင်သန်ရပ်တည်သွားနိုင်မည်
လေကြောင်းလိုင်းကို ဦးစီးတာဝန်ယူဆောင်ရွက်နေသူများကအစ အောက်ခြေဝန်ထမ်းများအဆုံး အားလုံးကတက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာဖြင့် မိမိကိုယ်ပိုင်စီးပွားရေးကဲ့သို့ သဘောထားဆောင်ရွက်သွားကြမှသာလျှင် တိုးတက်အောင်မြင်မှုရနိုင်မည်ဖြစ်ပြီး ရေရှည်ရှင်သန်ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်းကိုလည်း မှာကြားလိုပါကြောင်း။
လေကြောင်းနှင့် ခရီးသွားကြသူများသည် အချိန်တိုအတွင်းမိမိသွားလိုသည့်နေရာကို ရောက်ရှိလိုကြသူများဖြစ်သည့်အတွက် ခရီးစဉ်များပျံသန်းပြေးဆွဲရာမှာ အချိန်မှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာလျှင် Connection Flight နှင့် ဆက်သွားကြရမည့် ခရီးသည်များအတွက် အဆင်ပြေမှုရှိစေမည်ဖြစ်ပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်း၏ခရီးစဉ်များ အချိန်မှန်မှုရှိလာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် မြန်မာအမျိုးသား လေကြောင်းအပေါ် ယုံကြည်အားကိုးလာကြမည်ဖြစ်ပြီး အခြားလေကြောင်းလိုင်းများနှင့် ယှဉ်ပြိုင်ရာတွင် ခရီးသွားများရွေးချယ်မှုအများဆုံးအခြေအနေသို့ ရောက်ရှိလာမည်ကို အလေးအနက်ထားပြီး မှာကြားလိုပါကြောင်း။
ပြည်တွင်း၊ ပြည်ပ ခရီးသည်များ မြန်မာအမျိုးသား လေကြောင်းနှင့်ခရီးသွားရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာသွားလာနိုင်ရေးသည်လည်း အဓိကကျသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် Rules and Regulation များ၊ SoP များကိုလည်း တိကျစွာလိုက်နာကြရန် လိုကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
မြန်မာအမျိုးသားလေကြောင်းကို (၇၅) နှစ်၊ စိန်ရတုတိုင် ရှင်သန်ရပ်တည်နိုင်ရေး ခေတ်အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊ ဝန်ထမ်းဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းနှင့် မြန်မာအမျိုးသားလေကြောင်း အနာဂတ်ကာလရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပေးထားသည့် စီမံခန့်ခွဲရေးအဖွဲ့ကဦးဆောင်ပြီး ပါဝင်ဆောင်ရွက်နေကြသည့် ကဏ္ဍအလိုက်ဦးဆောင်တာဝန်ခံများ၊ ဝန်ထမ်းများအားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်း အဓွန့်ရှည်အောင်မြင်စွာ ရပ်တည်နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာအမျိုးသားလေကြောင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းပြောကြားရာတွင် မြန်မာအမျိုးသားလေကြောင်း စတင်ဖြစ်ပေါ်ခဲ့မှုနှင့် အဆင့်ဆင့်တိုးတက်ပြောင်းလဲဖွဲ့စည်းခဲ့မှု၊ နိုင်ငံတော်၏လေကြောင်းသယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍကိုဦးဆောင်ခဲ့ပြီး တာဝန်များကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ လေကြောင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိမှုနှင့် မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံတော်၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေကြောင်း၏ ခေတ်အဆက်ဆက် ဖြစ်ပေါ်ပြောင်းလဲတိုးတက်ခဲ့သည့် အခြေအနေများကိုရှင်းလင်းတင်ပြပြီး မြန်မာအမျိုးသားလေကြောင်း သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်မှကူညီပံ့ပိုးပေးလျက်ရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများအားလုံးကို မြန်မာအမျိုးသားလေကြောင်းမှ အရာထမ်း၊ အမှုထမ်းများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာအမျိုးသားလေကြောင်း(MNA)မှ လေယာဉ်မောင်မယ်များက MNA ခေတ်လေးခေတ်၏ Uniform Fashion များဝတ်ဆင်၍ စိန်ရတုနှစ်ပတ်လည်နေ့ဂုဏ်ပြုတေးသီချင်းဖြင့် တင်ဆက်ဖျော်ဖြေကြသည်။ ထို့နောက် မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အမှတ်တရဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။
ကြည့်ရှုအားပေး
ဆက်လက်ပြီး နိုင်ငံတော်သံစုံတီးဝိုင်း၏တီးခတ်မှုဖြင့် နိုင်ငံကျော်တေးသံရှင်များ၏ ဂုဏ်ပြုသီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်းမှ ပညာရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့မှအနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များကို ဂုဏ်ပြုပန်းခြင်းများပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြကွက်တစ်ခုချင်းအလိုက် စိတ်ဝင်တစား လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်