မျက်မှောက်ကာလ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံအများ ကြုံတွေ့ခံစားနေကြရသည်။ မကြာသေးမီကဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံအချို့တွင် သေဆုံးထိခိုက်ဒဏ်ရာရမှုများနှင့် ဆုံးရှုံးပျက်စီးမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့သည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ဆိုးကျိုးများကို ကမ္ဘာ့ပြည်သူများ ခံစားနေကြရပြီး ဆက်လက်၍လည်း ပိုမိုဆိုးရွားစွာတွေ့ကြုံကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို အားလုံးဝိုင်းဝန်းထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် ကမ္ဘာကြီးကို နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုမှ ကာကွယ်ပေးထားသော အိုဇုန်းလွှာပျက်စီးခြင်းသည် အဓိကအကြောင်းရင်းဖြစ်သည်။ အိုဇုန်းလွှာပျက်စီးခြင်းသည် လူသားများ၏အကျိုးစီးပွားအတွက် တီထွင်ဖန်တီးအသုံးပြုကြရာမှ နောက်ဆက်တွဲဆိုးကျိုးများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့် ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် “ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ဟူသောဆောင်ပုဒ်ဖြင့် ပြည်သူများအား အသိပေးနှိုးဆော်ထားသည်။ လူတို့အနေဖြင့် အပူဒဏ်သက်သာစေရန်နှင့် လူတို့နေထိုင်မှုဘဝတွင် မြင့်မားစွာနေထိုင်နိုင်ရန်အတွက် နည်းပညာရှင်များက တီထွင်ပေးထားသော လေအေးပေးစက်များအသုံးပြုမှု တစ်စတစ်စမြင့်မားလာရာမှ အိုဇုန်းလွှာပျက်စီးထိခိုက်မှု နှစ်စဉ်မြင့်မားကျယ်ပြန့်လာသည်။ ထို့ကြောင့် မုန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့ဖြစ်သော ဟိုက်ဒရိုဖလူရိုကာဗွန်-HFC အအေးပေး ဒြပ်ပစ္စည်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် အိုဇုန်းလွှာကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
လူသားများသည် လူနေမှုအဆင့်အတန်းမြင့်မားလာအောင် အစဉ်ကြိုးပမ်းနေကြရာ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်မှုအတွက် စိန်ခေါ်မှုများကြီးမားစွာ ကြုံတွေ့နေဆဲဖြစ်သည်။ နေအိမ်၊ အဆောက်အအုံနှင့် ယာဉ်အမျိုးမျိုးတို့အတွက် လေအေးပေးစက်များ၊ ရေခဲသေတ္တာမှအစ စက်မှုလုပ်ငန်းသုံး အေးခဲစက်ကြီးများ၊ အပူပေးစက်စသည်တို့ကို တွင်ကျယ်စွာအသုံးပြုနေဆဲ ဖြစ်သည်။ အထူးသဖြင့် လူဦးရေများပြားပြီး ရာသီဥတုပြောင်းလဲမှုပြင်းထန်သည့် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ယူအေအီး၊ ကင်ညာ စသည့်နိုင်ငံများတွင် လေအေးပေးစက်များကို အမြောက်အမြားသုံးစွဲနေကြသည်ဟု သိရသည်။ အခြားနိုင်ငံများတွင်လည်း လေအေးပေးစက်များကို တွင်ကျယ်စွာသုံးကြသည်။
ကမ္ဘာကြီး၏အပူချိန်ကို လျှော့ချရန်နှင့် အိုဇုန်းလွှာထိခိုက်မှုကို လျော့ကျစေရန်အတွက် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှုကို လျော့နည်းစေသော အအေးပေးဒြပ်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူးအသုံးပြုသွားရန် အရေးကြီးလိုအပ်လာသည်။ ကမ္ဘာကြီးပူနွေးမှု အလားအလာမြင့်မားနေသော ဒြပ်ပစ္စည်းများကို လျှော့ချအသုံးပြုရေးအတွက် ပြည်သူလူထုကို အသိပညာပေးခြင်းနှင့် အိုဇုန်းလွှာ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေသော နည်းပညာမြှင့်တင်ရေးသင်တန်းများနှင့် သုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်သွားကြရမည်ဖြစ်သည်။ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု၏ အကျိုးဆက်များဖြစ်သည့် လူသားများ၏ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို လျှော့ချဆောင်ရွက်နိုင်ရန်အတွက် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် ထပ်တိုးပြင်ဆင် ချက်လေးခုတို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်း လွှာထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် နိုင်ငံတကာနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။ ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) လျှော့ချနိုင်ရေးအတွက် ယခု ၂၀၂၄ ခုနှစ်မှစတင်၍ ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) သုံးစွဲမှုကို ထိန်းချုပ်ကန့်သတ်ကာ ၂၀၄၅ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးတွင် အအေးပေးအိမ်သုံးပစ္စည်းများကို ဝယ်ယူအသုံးပြုသည့်အခါ “အိုဇုန်းကို အန္တရာယ်မပြုသော” သို့မဟုတ် “စွမ်းအင် ခြိုးခြံချွေတာမှု” သို့မဟုတ် “HCFC ကင်းလွတ်သော” သို့မဟုတ် “Environmentally Friendly” စသည့်အမှတ်အသားများ ပါ၊ မပါ ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူရန်၊ အပူလျော့နည်းသော ညအချိန်တွင် အိမ်နှင့်အိပ်ခန်းကို ဖြစ်နိုင်ပါက လေအေးပေးစက်ကို အသုံးမပြုဘဲ သဘာဝလေအသုံးပြုပါ၊ ပန်ကာဖြင့် တွဲဖက်အသုံးပြုပါ၊ ကားစက်နှိုးစဉ် ပြတင်းပေါက်ဖွင့်ပြီး အနည်းငယ်ကြာမှ လေအေးပေးစက်အသုံးပြုပါ၊ အရိပ်ရသည့်နေရာတွင် ကားရပ်နားပါဟူသည့်အချက်များဖြင့် ပူးပေါင်းပါဝင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။
သို့ဖြစ်ရာ လူသားများကို အကျိုးပြုနေသည့် အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်နှင့် လူသားများကို အန္တရာယ်ပြုနေသော ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။