မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင်ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေးခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများထွက်ပေါ်လာသည့်သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုသည် လူငယ်၊ လူရွယ်များအတွင်း အများဆုံးဖြစ်ပေါ်နေသည့် အလေ့အထဖြစ်ပြီး အသစ်အဆန်းကို စူးစမ်းလိုသော လူငယ်များအကြား မူးယစ်ဆေးဝါးအသစ်အဆန်းများဖြင့် ဆွဲဆောင်လာကြသည်။ လူငယ်လူရွယ်များ အများစုသွားရောက်ကြသည့် ဘားများ၊ နိုက်ကလပ်များ၊ KTV များ စသည့် နေရာများတွင် K ခေါ် ကတ်တမင်း၊ E ခေါ် အက်စ်တာဆီ၊ ICE ခေါ် မက်သာဖက်တမင်း၊ Happy Water ခေါ် ကတ်တမင်း၊ အမ်ဖက်တမင်း၊ ကဖိန်း၊ အက်စ်တာဆီ၊ ဒိုင်ယာဇီပင်၊ ထရာမဒေါတို့ ရောနှောထားသည့် မူးယစ်ဆေးတို့ကို အလွယ်တကူရရှိ နိုင်ကြောင်း၊ မူးယစ်ဆေးများ သုံးစွဲခြင်းဖြင့် စိတ်ကူးယဉ်အာရုံများ ခံစားနိုင်ကြသလို ညလုံးပေါက် ကခုန်နိုင်ကြကြောင်း စသည်တို့အပြင် ဆေးလွန်ခြင်းကြောင့် ဆေးရုံသို့ပို့ကာ ခက်ခက်ခဲခဲအသက်ကယ်ကြရခြင်း၊ တစ်သက်တာလူစဉ်မမီသည့်ဘဝ ကျရောက်သွားရခြင်း၊ သေဆုံးသွားရခြင်း စသည်တို့ကိုလည်း ကြားသိနေရသည်။
မူးယစ်ဆေးဝါးတို့၏သဘာဝမှာ စိတ်ကိုစွဲလမ်းစေတတ်ခြင်းပင်ဖြစ်ပြီး ရံဖန်ရံခါသုံးစွဲမှုမှသည် မကြာခဏ၊ ထိုမှတစ်ဆင့်တက်၍ နေ့စဉ်ဆက်တိုက်သုံးစွဲလာတတ်သည်။ ဆေးသုံးစွဲမှုမှ ခဏတာရရှိသော စိတ်ပိုင်းဆိုင်ရာခံစားမှုအပေါ် စွဲလမ်းရာမှ မသုံးစွဲရလျှင်မနေနိုင်သည့် အခြေအနေဖြစ်ပေါ်လာသည်။ စိတ်ကျန်းမာရေးအပေါ်တွင်ရော ကိုယ်ခန္ဓာကျန်းမာရေးအပေါ်တွင်ပါ မူးယစ်ဆေးဝါးကြောင့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာသည်။ လူငယ်လူရွယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများမှာ လူမှုဆက်ဆံမှုများမှ အများဆုံးဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကို ခေတ်မီသူတိုင်းပြုလုပ်ကြခြင်းဖြစ်သည်ဟူ၍ လွဲမှားစွာယူဆခြင်း၊ ရွယ်တူအပေါင်းအသင်းများအကြား ဝင်ဆံ့စေရန် အားကျမခံ ဝင်ရောက်သုံးစွဲခြင်း၊ အသစ်အဆန်းတစ်ခုအနေဖြင့် လက်တည့်စမ်းသုံးစွဲခြင်း၊ အပေါင်းအသင်းသူငယ်ချင်းများက ဆွဲဆောင်ခြင်း၊ ပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါးသုံးစွဲသူများ ရှိနေသည်ကို အတုမြင်အတတ်သင်ကာ သုံးစွဲခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခြင်းတို့သည် မူးယစ်ဆေးဝါးစွဲရခြင်း၏ အကြောင်းရင်းခံများဖြစ်သည်။
မူးယစ်ဆေးဝါး၏ တိုက်ရိုက်ဆိုးကျိုးမှာ သုံးစွဲသူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေးကို ထိခိုက်စေခြင်းဖြစ်ပြီး အခြားအကျိုး ဆက်များအနေဖြင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ မကောင်းသော အကျိုးဆက်များလည်း ဖြစ်ပေါ်လာနိုင်သည်။ မူးယစ်ဆေးစွဲသူ၏ မိသားစုနှင့်ပတ်ဝန်းကျင်တို့တွင် လူမှုအနိဋ္ဌာရုံများပါ ဖြစ်ပေါ်လာနိုင်သည်။ နိုင်ငံအနေဖြင့်မူ အလုပ်လုပ်နိုင်သော လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးရခြင်းဖြစ်သည့်အပြင် ကုသမှုပေးရသဖြင့် ဝန်ထုပ်ဝန်ပိုးများပါ ဖြစ်ပေါ်လာရသည်။ မူးယစ်ဆေးဝါးသုံးစွဲ မှုနှင့်စပ်လျဉ်း၍ လူငယ်များ၏ လူမှုရေးပြဿနာ၊ ကျန်းမာရေးပြဿနာ၊ ကိုယ်ရည်ကိုယ်သွေးပြဿနာစသည်ဖြင့် အမျိုးမျိုးရှုမြင်ကြသော်လည်း အဓိကအားဖြင့် မူးယစ်ဆေးဝါးများကို လူငယ်များ၏ ပတ်ဝန်းကျင်များမှ ရှင်းလင်းဖယ်ရှားရန်နှင့် လူငယ်များအား အသိပညာပေးမှုများ မြှင့်တင်ရန် အရေးကြီးသည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှုထောင့်မှကြည့်ပါက မူးယစ်ဆေးဝါးထုတ်လုပ်ကုန်သွယ်မှုသည် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းအချို့တို့၏ ပင်မဝင်ငွေ လမ်းကြောင်းဖြစ်နေပြီး မူးယစ်ဂိုဏ်းများ၏ အဓိကစီးပွားရေးပင်ဖြစ်ရာ တားဆီးနှိမ်နင်းမှုများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်နေရမည်သာဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးပပျောက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တရားဥပဒေနည်းလမ်းသာမက ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုနည်းလမ်းများဖြင့်ပါ ဆောင်ရွက်နေခြင်းဖြစ်ရာ မိမိတို့၏ သား၊ သမီးများ၏ ပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါး ကင်းစင်ရေး၊ လူငယ်လူရွယ်များကိုယ်တိုင် အသိတရားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ရှောင်ရှားရေးတို့ကို ပြည်သူတစ်ရပ်လုံးက မိမိတို့၏တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရပါမည့်အကြောင်း။ ။