Skip to main content

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ကြိုတင်ပြင်ဆင် သတိပြုကာကွယ်

၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်များက မှတ်တမ်းတင်ထားကြောင်း သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသိပေးချက်အရ လာမည့်နွေရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် နာဆာမှ မှတ်တမ်းတင်ထားသည့် အခြားသောနှစ်များထက် သုညဒသမ ၄၁ ဒီဂရီဖာရင်ဟိုက်ထက် ပိုပူမည်ဖြစ်ကြောင်း၊ ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ် နွေရာသီပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၁ ဒီဂရီဖာရင်ဟိုက် ပိုပူမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။

နာဆာသည် တစ်ကမ္ဘာလုံးဆိုင်ရာ အပူချိန်မှတ်တမ်းကို ၁၈၈၀ ပြည့်နှစ်မှစတင်၍ မှတ်တမ်းတင်ခဲ့သည်။ လက်ရှိတွင် ကနေဒါနှင့် ဟာဝိုင်ရီတို့၌ ပြင်းထန်သည့်တောမီးလောင်မှုနှင့် ကမ္ဘာတစ်ဝန်း အပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်နေသည့်အပေါ်မူတည်၍ လာမည့်နွေရာသီကာလတွင် အပူချိန်မြင့်မားမှုကို တွက်ချက်ထားခြင်း ဖြစ်သည်။ ရာသီဥတုဆိုင်ရာ မိုးလေဝသပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ယခုကာလမှစတင်၍ အပူချိန်ပြင်းထန်မှုကိုဖြစ်စေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပွားနေပြီး ၂၀၂၄ ခုနှစ်အထိ သက်ရောက်မှုရှိနေမည်ဖြစ်၍ မုတ်သုံအလွန်ကာလများတွင် အပူချိန်မြင့်မားမှုကို နိုင်ငံများအနေဖြင့် သတိပြုကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အယ်လ်နီညိုဖြစ်ပေါ်သည့်နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလတွင် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားမှုပြဿနာများနှင့် ကြုံတွေ့ရခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ အနောက်တောင်မုတ်သုံလေ အဝင်နောက်ကျခြင်း၊ မုတ်သုံလေအထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း စသည့်မိုးလေဝသနှင့် ရာသီဥတုအပြောင်းအလဲဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။ ယခုနှစ်မိုးရာသီတွင် မုတ်သုံလေပုံမှန်ထက်လျော့နည်းသော်လည်း မိုးအားကောင်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေနေသည်။ လာမည့်မုတ်သုံရာသီတွင် ပုံမှန်ထက်မုတ်သုံတိုတောင်းသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲမရှိအောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

ထို့ကြောင့် မုတ်သုံတိုတောင်းသောကြောင့် အပူချိန်မြင့်မားသော နွေကာလများရှည်လျားသဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးမှုပြဿနာများကို သတိပြုရမည်ဖြစ်သည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ် မေလ၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့၌ အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားခဲ့ကြရသည်။ ထို့အပြင် အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တွင် ရေခန်းခြောက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ မြေလတ်ဒေသတွင်သောက်သုံးရေပြတ်လပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

အပူချိန်ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင်ဖွယ်ရှိသော မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များကို ပြည်သူလူထုအနေဖြင့် သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်သတိပြု၍ ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။ ယခုအခါ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့်တကွ သက်ဆိုင်ရာနိုင်ငံများမှ မိုးလေဝသပညာရှင်များ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် ဇွန်လတွင် အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေကို တွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အားအနည်းငယ်မှအားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေကို တွေ့ရှိထားကြသည်။ လာမည့်ကာလများ အထူးသဖြင့် နွေရာသီကာလများတွင် အယ်လ်နီညိုအပူချိန် မြင့်မားလာမည်မှာ သေချာနေသည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ့လူသားအားလုံးတို့အပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်၍ မိုးလေဝသဖြစ်စဉ်များကို အစဉ်သတိပြုရန်လိုအပ်ပြီး လုပ်ဆောင်ဖွယ်ရာများကို နိုင်ငံအစိုးရနှင့်အတူ ကြိုတင်ပြင်ဆင်လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် မိုးလေဝသရာသီဥတုတို့အပေါ် အမှီပြုဆောင်ရွက်နေကြရသည့် ရေသယံဇာတ၊ စိုက်ပျိုးရေးနှင့်စွမ်းအင် ထုတ်လုပ်မှုကဏ္ဍများတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်သည်။ လတ်တလောဖြစ်ပေါ်နေသော အယ်လ်နီညိုနောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝန်းလုံးကြုံတွေ့နေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ထွန်းနေသော စိုက်ပျိုးရေ၊ သောက်သုံးရေများကို စနစ်တကျသုံးစွဲပြီး အနာဂတ်ကာလများအတွက်ပါ ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။ ။