Skip to main content

ခရီးသွားလုပ်ငန်းနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု

မူလသဘာဝအားဖြင့် အစိမ်းရောင်ဟူသည် မြက်ခင်းများ၊ သစ်ရွက်၊ သစ်တောများ၏ အရောင်ဖြစ်သည်။ သင်္ကေတအားဖြင့်မူ အစိမ်းရောင်ဟူသည် “အသက်ဇီဝကိုလည်းကောင်း၊ “သဘာဝပတ်ဝန်းကျင် ကိုလည်းကောင်း ရည်ညွှန်းခြင်းဖြစ်သည်။ လူသားတို့က မိမိတို့၏ရှင်သန်နေထိုင်မှုအတွက် တီထွင်ဖန်တီးမှုများ၊ ပြုပြင်တည်ဆောက်မှုများပြုလုပ်ခြင်းသည် အခြားတစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည်။ ပထမစက်မှုတော်လှန်ရေးကာလမှစ၍ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာသော လူသားကမ္ဘာသည် ဆန့်ကျင်ဘက်ရလဒ်အားဖြင့် ညစ်ညမ်းသော ရေ၊ မြေ၊ လေ ပတ်ဝန်းကျင်၊ ဖောက်ပြန်ပြောင်းလဲလာသည့် ရာသီဥတုများနှင့် ကျန်းမာရေးချူချာလှစွာသော ဂြိုဟ်ကမ္ဘာကြီးသဖွယ်ဖြစ်လာခဲ့ပြီဖြစ်သည်။

လူ့ပယောဂကြောင့်ယိုယွင်းခဲ့ရသော မြေကမ္ဘာကြီးပြန်လည်ကောင်းမွန်လာစေရန်မှာ လူသားတို့တွင်တာဝန်ရှိသည့်အလျောက် လူသားတို့၏ရှင်သန်လှုပ်ရှားမှုတိုင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်များ ခြိုးခြံချွေတာရေးဟူသော အစိမ်းရောင်အမြင်နှင့် ယှဉ်တွဲဆောင်ရွက်ကြရန် လိုအပ်လာသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုဖြင့် ပေးဆပ်ကြရစမြဲဖြစ်သည့်တိုင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်း၊ ကာဗွန်ထုတ်လွှတ်မှု၊ ညစ်ညမ်းမှု၊ ယိုယွင်းမှုများလျှော့ချရေးတို့ကို အလေးထားဆောင်ရွက်သွားကြရန်လိုအပ်သလို သဘာဝအရင်းအမြစ်များ ခြိုးခြံချွေတာနိုင်ရေးအတွက် စွမ်းအင်သုံးစွဲမှု‌၊ ရေနှင့် အခြားအရင်းအမြစ်များ သုံးစွဲမှုများတွင် အလေအလွင့်မရှိ အကျိုးရှိစွာသုံးစွဲကြရန်လည်း လိုအပ်သည်။

ယနေ့ (စက်တင်ဘာ ၂၇ ရက်) တွင် ကျရောက်သည့် “၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်မှာ “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး (Tourism & Green Investment) ဟူ၍ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် ထိခိုက်မှုမရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ထိန်းချုပ်နိုင်လာခဲ့သည့်အခြေအနေတွင် နိုင်ငံတိုင်းက ပြီးခဲ့သည့်ကပ်ရောဂါကာလအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသည့်စီးပွားရေးကို ပြန်လည်ကုစားရာတွင် ခရီးသွားလုပ်ငန်းများကို ဦးစားပေးကဏ္ဍအတွင်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြသည်။ ခရီးသွားလုပ်ငန်းသည် စီးပွားရေးကိုလျင်လျင်မြန်မြန်ဖွံ့ဖြိုးစေပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာစေခြင်း၊ နိုင်ငံနှင့်လူမျိုး၏ယဉ်ကျေးမှုကို သိနားလည်စေခြင်းနှင့် နိုင်ငံ၏ကောင်းသတင်းကို ထွက်ပေါ်စေနိုင်ခြင်း စသည့်အားသာချက်များရှိသလို ပတ်ဝန်းကျင်ကိုထိခိုက်စေခြင်း၊ သဘာဝအရင်းအမြစ်များပျက်စီးစေခြင်း၊ ဒေသခံပြည်သူများ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝတို့အပေါ် ထိခိုက်စေနိုင်ခြင်း စသည့်အားနည်းချက်များလည်းရှိသည်။

ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် ခရီးသွားလုပ်ငန်းမှ အားသာချက်များနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ပင် ခရီးသွားလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ဒေသခံပြည်သူများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် နေ့စဉ်လူမှုဘဝများအပေါ် ဆိုးကျိုးများသက်ရောက်စေမှုတို့ အနည်းဆုံးအထိလျှော့ချနိုင်ရန် အလေးအနက်စီမံဆောင်ရွက်ကြရပါမည့်အကြောင်း။ ။