Skip to main content

နမ်းခမ်းမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ်းခမ်းမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်းခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်က လက်နက်များတပ်ဆင်ပေးရသည့် ရည်ရွယ်ချက်၊ ရိက္ခာများထောက်ပံ့ပေးအပ်မည့် အစီအမံများ၊ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်နှင့်တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များအပ်နှင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်