အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသမှ ဟားမားစ်တို့က အစ္စရေးတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ ဒုံးကျည်အစင်းပေါင်း ထောင်နှင့်ချီ၍ ပစ်ခတ်တိုက်ခိုက်ကာ တိုက်ခိုက်ရေးသမားများကလည်း နယ်စပ်စည်းရိုးများကို ဖြတ်ကျော်၍ ဝင်ရောက်ခြင်းဖြင့် အစ္စရေး - ပါလက်စတိုင်းစစ်ပွဲ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီဖြစ်သည်။ လူနေရပ်ကွက်များအတွင်း ရောက်ရှိလာသည့် ဟားမားစ်လက်နက်ကိုင်တို့ သတ်ဖြတ်မှုကြောင့် အစ္စရေးအရပ်သားများ သေဆုံးမှုမှာလည်း ရာဂဏန်းများစွာရှိလာခဲ့ပြီဖြစ်ပြီး အလစ်အငိုက်ခံလိုက်ရသည့် အစ္စရေးဘက်မှလည်း တုံ့ပြန်တိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်လျက်ရှိသည်။
၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဂျူးတို့က ပါလက်စတိုင်းဒေသတွင် ထူထောင်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းနှင့် လအနည်းငယ်မျှသာ ကွာခြားသည်။ ထိုစဉ်က အကျယ်အဝန်း စတုရန်းမိုင်၈၀၀၀တွင် ဂျူးလူဦးရေ နှစ်သန်းခန့်မျှနှင့် နိုင်ငံကို ထူထောင် ခဲ့ရခြင်းဖြစ်ပြီး လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်စသည့် အိမ်နီးချင်းနိုင်ငံအားလုံး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။ အစ္စရေးနိုင်ငံဟူ၍ ဖြစ်တည်လာမှုအပေါ် လုံးဝလက်မခံနိုင်သည့် အာရပ်နိုင်ငံများ၏အင်အားမှာ အစ္စရေးထက် အဆပေါင်းများစွာ ကြီးမားသော်လည်း နိုင်ငံနှင့်လူမျိုး ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေးအတွက် ဂျူးတို့ စစ်ကို နိုင်အောင်တိုက်ခဲ့ကြရသည်။ နိုင်ငံမဲ့သော လူမျိုးဘဝနှင့် ကမ္ဘာအရပ်ရပ်တွင် ဂျူးလူမျိုးတို့ ပျံ့နှံ့နေထိုင်ခဲ့ရစဉ်က သိမ်ငယ်အောက်ကျမှုမျိုး နောက်မျိုးဆက်တို့ မခံစားရစေရန် အစ္စရေးနိုင်ငံ အဓွန့်ရှည်တည်တံ့ရေး ဆင်နွှဲခဲ့ရသော စစ်ပွဲများသည် ဆယ်စုနှစ်များနှင့်ချီ၍ ကြာမြင့်သည်။
အစ္စရေးနိုင်ငံသားမှန်သမျှ အဆိုးဆုံးအခြေအနေအထိ မျှော်လင့်ကာ စစ်ရေးအသင့်အနေအထားဖြင့် နိုးနိုးကြားကြား နေခဲ့ကြရသည်။ ခြောက်ရက်စစ်ပွဲအပြီးတွင် အစ္စရေး၏နယ်နိမိတ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၀၀၀ အထိ ကျယ်ဝန်းသွားခဲ့သည်။ သို့ရာတွင် အစ္စရေးကို မြေထဲပင်လယ်တွင်းသို့ မောင်းချလိုသည့် အာရပ်နိုင်ငံများ၏ အမျက်ဒေါသသည် လျော့မသွားဘဲ ပို၍ပင်ကြီးမားလာခဲ့သည့်အလျောက် နိုင်ငံကာကွယ်ရေး စွမ်းပကားကို အစွမ်းကုန်တောင့်တင်း ခိုင်မာအောင် တည်ဆောက်ကာ အချိန်ပြည့် အသင့်ပြင်ထားခဲ့ရသည်။ နိုင်ငံစတင်တည်ထောင်ခဲ့သည်မှ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နိုင်ငံနှင့် လူမျိုး အဓွန့်ရှည်တည်တံ့ရေးအတွက် ကြိုးပမ်းကာကွယ်ခဲ့ကြရခြင်းဖြစ်ရာ အဓိကအင်အားမှာ ခေတ်အဆက်ဆက်မှ လူငယ်များပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံတည်ထောင်ခါစကာလက ရုန်းကန်ခဲ့ရသည်များ၊ အသက်သွေးချွေးပေးဆပ်ခဲ့ရသည်များကို လူငယ်မျိုးဆက်သစ်အချို့က နားမလည်။ နိုင်ငံမဲ့ဘဝဖြင့် အတိတ်ကာလက ဘိုးဘွားတို့ ခံစားခဲ့ရမှုများအပေါ်တွင်လည်း မေ့သူက မေ့ခဲ့ကြဖြင့်။ နိုင်ငံနှင့် လူမျိုး၏ သမိုင်းကို သိရှိသူ၊ နားလည်သူကသာလျှင် ပစ္စုပ္ပန်နှင့် အနာဂတ်ကို သိရှိနားလည်ကြသည်။ ထိုသူတို့ကသာလျှင် နိုင်ငံတည်ဆောက်ရေးနှင့် ကာကွယ်ရေးတို့တွင် စွမ်းစွမ်းတမံ ပါဝင်ကြခြင်းဖြစ်သည်။
ကမ္ဘာ့အလယ်တွင် နိုင်ငံများအနေဖြင့် ရပ်တည်ကြရာတွင် နိုင်ငံကို အင်အားခိုင်မာအောင် တည်ဆောက်နေကြခြင်းနှင့် တစ်ပြိုင်တည်းမှာပင် နိုင်ငံ့အကျိုးစီးပွားကို ဖျက်ဆီးနေကြသည့် အပြင်ရန်၊ အတွင်းရန်များကိုပါ ကာကွယ်နေကြရခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားအင်အား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအင်အား ခိုင်မာရေးအတွက် စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းနှင့် နိုင်ငံတော် ကာကွယ်ရေးအင်အား ကြီးမားအောင် ဆောင်ရွက်ခြင်းတို့တွင် လူငယ်မျိုးဆက်သစ်တို့က မိမိနိုင်ငံ၏ သမိုင်းအစဉ်အလာကို ကောင်းစွာသိရှိနားလည်ခြင်းနှင့်အတူ တက်ကြွထက်သန်သည့် လူငယ်အားမာန်ဖြင့် ပါဝင်ကြရပါမည့်အကြောင်း။ ။