Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၁

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင် အပူဇော်ခံပွဲအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည့်ရှုဖူးမြော်ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဖောင်တော်ပြန် ဧည့်ရိပ်သာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့က လှိုက်လှဲနွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာအက အဖွဲ့များ၏ ကိန္နရီကိန္နရာအက၊ ရှမ်း တိုင်းရင်းသားရိုးရာအက၊ တိုးနယားအက၊ အင်းတိုင်းရင်းသား မီးဆုခံအက၊ ဓားသိုင်းအက၊ ပအိုဝ်းတိုင်းရင်းသားအက၊ ရှမ်းကြီးအက စသည့်ယဉ်ကျေးမှု ပဒေသာကပွဲ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဖောင်တော်ပြန် ဧည့်ရိပ်သာမှ ဖောင်တော်ဆိုက် ပြာသာဒ်ဆောင်သို့ စက်လှေများဖြင့် ထွက်ခွာရောက်ရှိကြပြီး ကရဝိက်ဖောင်တော်ဖြင့် ရောက်ရှိလာသည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ပင့်ဆောင်မည့် ဘော်ယာဉ်ပေါ်သို့ အသီးသီး ပင့်ဆောင်ပူဇော်ကြသည်။

ယှဉ်ပြိုင်လှော်ခတ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ယှဉ်ပြိုင် လှော်ခတ်မှုများအား တက်ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား(၄၆)တက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော်လှေ အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး (၂၆) တက် အင်းသားရိုးရာလှေလှော် ပြိုင်ပွဲများအား အသီးသီးယှဉ်ပြိုင် လှော်ခတ်ကြသည်။

အင်းသားရိုးရာ လှေလှော် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အင်းလေးသူ၊ အင်းလေးသားတို့သည် ပြိုင်ပွဲ အမျိုးအစားအလိုက် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်များဖြင့် ခြေထောက်ကို အသုံးပြု၍ လှေကိုလှော်ခတ်ကြပြီး အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ လာရောက် လည်ပတ်သူများက လက်ခုပ် လက်ဝါးများတီး၍ တစ်ခဲနက် အားပေးခဲ့ကြသည်။

ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်

အင်းသား ရိုးရာလှေလှော် ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဆွမ်းပို့လှေ ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လှေယဉ်ဂုဏ်ပြုဆုများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်က တစ်ဦးချင်းအင်းသား ရိုးရာလှေပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသူများကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တစ်ဦးချင်း အင်းသားရိုးရာ လှေပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် အသင်းများကိုလည်းကောင်း ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေပေးအပ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက အမျိုးသမီး(၂၆)တက် လှေလှော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မိုင်းသောက်အင်း ကျေးရွာအသင်းနှင့် ပထမဆုရရှိသည့် အိုင်ထောင့်ကြီးကျေးရွာ(ခ) အသင်းတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကအမျိုးသား ရာကျော်လှေပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရွှေပြည်သာကျေးရွာ အသင်းနှင့် ပထမဆုရရှိသည့် ကေလာကျေးရွာအသင်းတို့အား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အင်းသားလှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများက ရိုးရာအိုးစည် ဗုံမောင်းများတီးမှုတ်၍ လှိုက်လှဲနွေးထွေးစွာ ပြန်လည်ဂါရဝပြု နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ခေတ္တကိန်းဝပ် စံပယ်တော်မူမည့် အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ရောက်ရှိကြပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရောက်ရှိလာမှုများအား ကြိုဆိုဖူးမြော်၍ သံဃာတော်များက အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

ရွှေသင်္ကန်းများကပ်လှူပူဇော်

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ဆွမ်း၊ သောက်တော်ရေချမ်း၊ ပန်းနှင့် ဆီမီးတို့ ကပ်လှူပူဇော် ဖူးမြော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး မြတ်စွာ ဘုရားအား ရွှေသင်္ကန်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညို ကြသည်။

ဆက်လက်၍ အင်းလေး ဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ ညောင်ရွှေစံကျောင်းတော်ဝင် ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူတို့က ညောင်ရွှေမြို့ ကန်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

လှူဖွယ်ပစ္စည်းများဆက်ကပ်

၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များက ဆရာတော်ကြီးများထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကန်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ပေးအပ်လှူဒါန်း

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီ ကျောင်းတော်ကြီး ဘက်စုံမွမ်းမံ ထိန်းသိမ်းပြုပြင် စောင့်ရှောက်ရန်အတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းတွင်လည်း တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်း ပွင့်စေတီတော်မြတ်ကြီးနှင့် စူဠာမုနိလောကချမ်းသာ စေတီတော်တို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော် မြတ်ကြီးအား ပန်း ရေချမ်း ဆီမီး ကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် စေတီတော်မြတ် ကြီးပေါ်ရှိ ရှုခင်းသာ View Point မှတစ်ဆင့် တောင်ကြီးမြို့၏ အလှအပများကိုကြည့်ရှုကာ တောင်ကြီးမြို့သည် မိမိတို့နိုင်ငံရှိ အထင်ကရမြို့ကြီးများတွင် ပါဝင်ပြီး စည်းကမ်းစနစ်တကျရှိသည့် မြို့၊ သန့်ရှင်းသာယာလှပသည့် မြို့ဖြစ်စေရေးအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုသည့် အခြေအနေများ၊ မြို့၏ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများနှင့် မြစိမ်းတောင် တောင်တက်လမ်းကို ယခု ထက်ပြေပြစ်ချောမွေ့သည့်လမ်းကြောင်းအဖြစ် ပြန်လည်ပြုပြင်နိုင်ရေးနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေး သုတေသနပြု ဆန်းစစ်သွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့၊ အလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။

လက်မှတ်ရေးထိုးပူဇော်ခဲ့

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေဘုန်း ပွင့်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စူဠာမုနိလောကချမ်းသာ စေတီတော်သို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးညိုလုံးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်လိုဏ် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညိုကာ ပန်း၊ သောက်တော်ရေချမ်း ကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်လိုဏ်အတွင်းနှင့် အပြင်ပတ်လမ်းတို့အား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယခု နှစ်မေလအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်ဖူးမြော်စဉ် ပြုပြင်မွမ်းမံထိန်းသိမ်းရန် မှာကြားချက်များအား ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်သည်များကို မှာကြားသည်။ ထိုသို့ လှည့်လည်ဖူးမြော်စဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် စူဠာမုနိလောက ချမ်းသာစေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်