နေပြည်တော် အောက်တိုဘာ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပန်းတင်ကျေးရွာအုပ်စု ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish Univer-sity) သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု (အောက်စဖိုဒ့်) ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
နာယူကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို ဦးဆောင်တည်ထောင်သူ အောက်စဖိုဒ့်တက္ကသိုလ်၏ Fellow နှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိအား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက (အောက်စဖိုဒ့်) ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က (အောက်စဖိုဒ့်) ဆရာတော်ထံ ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရိုက်နှိပ်ထားသည့် ပိဋကတ်သုံးပုံ ကျမ်းစာအုပ်များ၊ မာရဝိဇယရုပ်ပွားတော်မြတ်ပုံစံတူ ရုပ်ပွားတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးကိုယ်တိုင် ရေးသားပြုစုထားတော်မူသည့် ဓမ္မစာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ (အောက်စဖို့) ဆရာတော်က ဓမ္မလက်ဆောင် စာအုပ်များ ပြန်လည်ချီးမြှင့်သည်။
ရေစက်သွန်းချအမျှပေးဝေ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က (အောက်စဖို့) ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညိုကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။
ရွတ်ဖတ်သရဇ္ဈာယ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗုဒ္ဓတက္ကသိုလ်အတွင်း မဟော်ဂနီပင်ကို အမှတ်တရစိုက်ပျိုးပေးရာ သံဃာတော်များက မေတ္တာပို့ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပေးကြသည်။
သာသနာတော်အကျိုး ကြိုးပမ်း
အဆိုပါ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(Shan State Buddish University) ကို ဦးဆောင် တည်ထောင်သူ ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ် လဲချားမြို့ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့ပြီး သက်တော် ၆ နှစ်၌ လဲချားမြို့ သီရိမင်္ဂလာအုဋ်ကျောင်း ဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ သက်တော် ၁၉ နှစ်တွင် ရဟန်း အဖြစ်သို့ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များတွင် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကာ ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford မှ ပါရဂူဘွဲ့ကို ရရှိခဲ့ကြောင်း၊ ထို့နောက် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ အလျဉ်းသင့်သလို ကြွရောက်၍ နိုင်ငံတကာတက္ကသိုလ်များ၊ ကောလိပ်များတွင် သာသနာ ပြုတာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University) ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို ကမ္ဘာ့တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာအတွေး အခေါ်များ၊ တရားဓမ္မများကို နိုင်ငံတကာအဆင့်မီ သုတေသနပြု လေ့လာသင်ကြားပို့ချနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူလျက်ရှိကြောင်းနှင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်းကိုလည်း လုပ်ဆောင်ကာ ဘာသာ သာသနာတော်အကျိုးကို ကြိုးပမ်းအားထုတ် ဖော်ဆောင်တော်မူလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်