နေပြည်တော် အောက်တိုဘာ ၂၄
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ရှိကြသည့် လူမျိုးတိုင်းတွင် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးစံအမွေအနှစ်များ ရှိကြစမြဲဖြစ်ပါကြောင်း၊ အလားတူမိမိတို့မြန်မာတိုင်းရင်းသားများတွင်လည်း မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများ ထင်ရှားခိုင်မာစွာရှိကြပါကြောင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးဓလေ့များနှင့် မြန်မာ့မူ၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာဘိုးဘွား အစဉ်အဆက်က ဖန်တီးပုံဖော်တည်ဆောက်ထိန်းသိမ်းလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်ပါကြောင်း။
မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများမှတွေ့ရှိခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာတရားဆိုင်ရာအဆုံးအမများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံးဓလေ့များ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ်ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာနေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာတွေ့ရှိရပါကြောင်း။
သတင်းအချက်အလက်နှင့်နည်းပညာများ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် မျက်မှောက်ကာလတွင် ယဉ်ကျေးမှုတစ်သားတည်းဖြစ်ခြင်း၊ ယဉ်ကျေးမှုနှစ်ခြမ်းကွဲခြင်းနှင့် ယဉ်ကျေးမှုမျိုးကွဲများပေါင်းစပ်ခြင်းတို့ကို နိုင်ငံအသီးသီးကြုံတွေ့ရလျက်ရှိပါကြောင်း၊ မိမိတို့၏ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှုလျော့နည်းပြီး အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည်ဖြစ်ပါကြောင်း၊ အမျိုးသားရေးအားမာန်ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများနှင့် အမျိုးသားရေးအနှစ်သာရများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်းမရှိရအောင်၊ အမျိုးသားရေးစိတ်ဓာတ်ခိုင်မြဲအောင် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေဖို့ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်က အလေးထားကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေးအားထုတ်မှုတစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ပြိုင်ပွဲအမျိုးအစားများကို အရေအတွက်အရရော၊ အရည်အသွေးအရပါ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်စီစဉ်ပေးခဲ့ပါကြောင်း၊ ယခုနှစ် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း မိမိတို့၏ စိတ်ဆန္ဒအလျောက် မြန်မာ့အနုပညာကို စိတ်ပါဝင်စားမြတ်နိုးသူများတိုးပွားလာမှု၊ မိဘပြည်သူများ၏အားပေးမှု၊ နိုင်ငံတော်၏အားပေးချီးမြှင့်မှု၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၏ ထောက်ပံ့ကူညီမှုတို့ကြောင့် ယခင်နှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲထက် ပြိုင်ပွဲဝင်ဦးရေ တိုးတက်များပြားလာသည်ကိုလည်း အားရကျေနပ်ဖွယ်ရာတွေ့ရပါကြောင်း။
ထို့ကြောင့် မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည်ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိမြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ပြည်သူအားလုံးနှင့် အနုပညာရှင်များ၊ လူငယ်လူရွယ်များအားလုံးအနေဖြင့် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးတိုးတက်စည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာဆက်လက်ရှင်သန်နေစေရေးအတွက် အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုအန္တရာယ်ကို ခုခံကာကွယ်နိုင်ရေး၊ ဘိုးဘွားတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းအမွေဆက်ခံမည့် မျိုးဆက်သစ်လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားပြည့်ဝခိုင်မာလာစေရေး အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက်ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှု အဆင့်အတန်း အစဉ်ထာဝရမြင့်မားစေရအောင် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပေးကြရေး တိုက်တွန်းမေတ္တာရပ်ခံလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အနုပညာရှင်များက ဂီတစာဆိုအလင်္ကာကျော်စွာ ဦးမောင်မောင်လတ် ရေးစပ်သီကုံးထားသော “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ဖွင့်ပွဲဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။