အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော အခြေခံကျသည့်လုပ်ငန်းများဖြစ်သည်။ နိုင်ငံများသည် MSME လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး စီးပွားရေးဦးမော့လာကြသည်။ ထို့ကြောင့် အဓိကကျသည့် MSME လုပ်ငန်းများ ကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအနက် MSME လုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော် အများစုဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ပေးလျက်ရှိသည်။ MSME အေဂျင်စီများနှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများအဖြစ် ဒေသအလိုက် MSME လုပ်ငန်းများမှ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ MSME လုပ်ငန်း ၃၆ ခုမှ အမှာစာကုန်ကြမ်း ပစ္စည်းအမျိုးပေါင်း ၃၃ မျိုးကို ထုတ်ကုန်ပစ္စည်းဈေးကွက်သို့ ချိတ်ဆက်ပေးနိုင်ခဲ့သည်။
ယင်းတို့ကို နမူနာယူ၍ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်ရရှိရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်။ နိုင်ငံတကာဈေးကွက်ရရှိပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့နေသည့် ပစ္စည်းအမည်များအပြင် အမည်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးနှင့် ပြည်တွင်းသွင်းကုန် အစားထိုးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအချင်းချင်း ဒေသလိုအပ်ချက်များ၊ ဒေသတွင်းစားသုံးသူများ၏ လိုအပ်ချက်များစသည်တို့ကို အပြန်အလှန်ဖြည့်ဆည်းနိုင်ရေး ဒေသဆိုင်ရာ အေဂျင်စီများအချင်းချင်း အားပေးထောက်ပံ့သွားရန် လိုအပ်သည်။
တိုင်းပြည်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ပဈေးကွက်များတွင်လည်း ယှဉ်ပြိုင်ရောင်းဝယ်မှုများ၊ ကုန်သွယ်မှုများ တိုးတက်လာစေရန် စီးပွားရေးဝန်းကျင်ကောင်းများကိုလည်း ဖန်တီးဖော်ဆောင် ပေးရမည်ဖြစ်သည်။ ထို့အပြင် MSME လုပ်ငန်းအသစ်များ စတင်ထူထောင်နိုင် ရန်နှင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံးနိုင်ငံတော်က ဖြည့်ဆည်းပေးလျက်ရှိသည်။ MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စ၍ ရန်ပုံငွေထောက်ပံ့မှု ဘီလီယံ ၁၇၀ လျာထားခဲ့သည်။
တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်း၊ နိုင်ငံ၏ပို့ကုန်ဝင်ငွေ တိုးတက်စေသည့်လုပ်ငန်း၊ လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများ ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင် အန္တရာယ်ကျရောက်မှုမှ ကင်းဝေးစေရန် ဆောင်ရွက်မည့်လုပ်ငန်း၊ စွမ်းအင်ချွေတာရေးလုပ်ငန်း၊ ပြည်သူအများစု အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့်လုပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ ဒေသထွက်ကုန်ကြမ်းကို အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်သည့်လုပ်ငန်း စသည့်လုပ်ငန်းနယ်ပယ်(၈)ရပ်အပေါ် အခြေခံပြီး ချေးငွေများထုတ်ချေးနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် လိုအပ်သည့်အရင်းအနှီးများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၁၅၂ ဘီလီယံအား နိုင်ငံတော်အကြီးအကဲက ခွင့်ပြုပေးထားသည်။ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိစေရန် ရည်ရွယ်ချက်(၃)ရပ်အတိုင်း MSME လုပ်ငန်းအားပေးမြှင့်တင်ရေး အစီအစဉ်များနှင့်ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုပါက မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ခြင်းနှင့် ပို့ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာခြင်း စသည့်အကျိုးများ ရရှိနိုင်မည်ဖြစ်သည်။
ရည်ရွယ်ချက်(၃)ရပ်နှင့်အညီ MSME လုပ်ငန်းများ အားပေးမြှင့်တင်ပေးရေးဆောင်ရွက်ရာတွင် သေချာသည့်ကုန်ကြမ်း၊ လိုအပ်သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ် အလေးထားပြီး စီမံပံ့ပိုးပေးသွားရန် နိုင်ငံတော်က လမ်းညွှန်ထားသည်။ မည်မျှပင် ဖြည့်ဆည်းဆောင်ရွက်ပေးသော်လည်း လူ့စွမ်းအားအရင်းအမြစ်အားနည်းနေပါက အရှိန်အဟုန်ဖြင့် အောင်မြင်ရန် ခက်ခဲနေမည်ဖြစ်ရာ အမှန်တကယ်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီလိုအပ်လာသည့် ကျွမ်းကျင်တတ်မြောက်မှု ရရှိလာစေရန် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် မွေးထုတ်ပေးနေရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိစေရန်ဟူသည့် ရည်ရွယ်ချက်(၃)ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံကျသည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး နိုင်ငံ့စီးပွားရေးဦးမော့လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။