Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  အောက်တိုဘာ  ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အတွင်းရေး မှူးချုပ်ရုံး အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံး အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H. E. Mr. Chen Hai နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 တိုးတက်ကောင်းမွန်လျက်ရှိ

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ဆောင်ရွက်လာသည့် အခြေအနေများ၊ လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေးများ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ခြယ်လှယ်ဆောင်ရွက်နေသည့် အခြေအနေများ။

ဆွေးနွေး

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက တိုင်းရင်းသားအဖွဲ့များအချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်ခဲ့မှု၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ ကိုးကန့်ဒေသအတွင်း “ဖုန် / “ရန်အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ် အဖွဲ့အား တာဝန်ပေးအပ်ခဲ့မှု၊ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများ ထုတ်လုပ်နေမှု၊ လက်နက်ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှု၊ နယ်စပ်ဒေသတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့ကို ထိထိရောက်ရောက် တင်းတင်းကျပ်ကျပ် အရင်းအမြစ်မှစ၍ နှိမ်နင်းဖော်ထုတ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့်ညီညွတ်မှုမရှိသည့် လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ပူးတွဲတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်