ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ
(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
( ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် )
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား
ယနေ့ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ် နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။
ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ် အခါသမယဖြစ်သော ကရင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် (၆၈)နှစ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ကရင်ပြည်နယ်သည် သဘာဝ အလှတရားများဖြစ်သည့် မြစ်ချောင်းအင်းအိုင်များနှင့် တောတောင်များ၊ လိုဏ်ဂူများ၊ ရေတံခွန်စိမ့်စမ်းများ၊ ရိုးသားဖြူစင်သည့် ဒေသခံတိုင်းရင်းသားတို့၏ ချစ်ခင်နှစ်သက်ဖွယ် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ မြတ်နိုးဖွယ်ရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် သာယာလှပသောဒေသတစ်ခု ဖြစ်ပါသည်။ ထို့ပြင် ကရင်တိုင်းရင်းသားတို့၏ ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးယိမ်းအကနှင့် ဖားစည်သံတို့သည် ပြည်တွင်း၌ သာမက ပြည်ပကပါ နှစ်သက်မြတ်နိုးဖွယ်ရာ ရိုးရာဓလေ့ တစ်ခုအဖြစ် ထင်ရှားလှပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေ (၆)လ သက်တမ်းတိုးပြီးချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ပိုမိုကြိုးစားဆောင်ရွက် လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန် ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကိုချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခက်အခဲများအကြားမှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့် သတ်မှတ်ချက်နှင့် အညီ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့နိုင်ငံနှင့် ကိုက်ညီသင့်တော်သည့် ရွေးကောက်ပွဲစနစ် တည်ဆောက်မှုပုံစံတို့ဖြင့် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်သည့်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား မိဘပြည်သူများကလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
NCA နှင့်ပတ်သက်၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့တို့သည် ငြိမ်းချမ်းရေးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်း ခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ရပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို ကြည့်မည်ဆိုလျှင် ပြည်တွင်းစီးပွားရေးနှင့် ပြည်ပစီးပွားရေးနှစ်ခုရှိပြီး ကိုဗစ်ကာလအတွင်း ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့သည့်အပြင် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ အလားတူ ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေး အကျပ်ကိုင်မှုများကြောင့် ပြည်တွင်းပြည်ပ ကုန်သွယ်ရေးများကိုလည်း ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက် ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ မိမိတို့အစိုးရအနေဖြင့် ဝိုင်းဝန်းပိတ်ဆို့မှု၊ ဖျက်လိုဖျက်ဆီး လုပ်မှုများအကြားမှ နိုင်ငံ့စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရပါသည်။ ၂၀၁၉-၂၀၂၀ တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယင်းကာလအတွင်း၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အအုံများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့မှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ဘဏ္ဍာငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရခဲ့သည်ကို တိုင်းရင်းသား မိဘပြည်သူများအားလုံး သိရှိပြီးဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ် နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားလုံးအမြင်ကျယ်ကျယ် ရှုမြင်သုံးသပ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကရင်တိုင်းရင်းသားများနှင့် မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက်လည်း လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်များရရှိကာ လူတိုင်းဝင်ငွေရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်စေရန်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုင်းရင်းသား ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများ တိုးတက်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။
မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံး တစ်ပြေးညီ အကြားအလပ်မရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့သော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည့်အတွက် နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုနှင့် တိုင်းရင်းသားပြည်သူများက ခံစားနေရလျက်ရှိပါသည်။ အသိဉာဏ်ဆင်ခြင်မှုတရား ကင်းမဲ့သော အဖျက်သမား၊ သစ္စာဖောက်များ၏ နှောင့်ယှက်ဖျက်ဆီး မိုက်မဲမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများစွာ ခံစားနေကြရပါသည်။ သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုး၊ ပြည်သူအကျိုးကိုကြည့်၍ အကြမ်း ဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား
ယနေ့အချိန်အခါကာလသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အချိန်အခါဖြစ်ပါသည်။ ယခုကဲ့သို့ ထူးမြတ်သည့် ကရင်ပြည်နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မိမိတို့ပြည်နယ်အတွင်း ကဏ္ဍအားလုံး၌ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်း အပ်ပါသည်။
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အားကြိုးမာန်တက် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။ ထို့ကြောင့် ကရင်ပြည်နယ်ကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းစွမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်းနှင့် ပြည်နယ်သူ ပြည်နယ်သားများ၏ အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားအကျိုး သယ်ပိုးထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ