နေပြည်တော် နိုဝင်ဘာ ၆
စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းအစီ အစဉ်များကိုရေးဆွဲ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ပုဂ္ဂလိကအမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးကဏ္ဍနှင့် စက်မှု ကဏ္ဍမှထွက်ရှိသည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို သိမ်းဆည်းသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့ပြ၊ ကျေးလက်ဒေသ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သယံဇာတတူးဖော် ရေးလုပ်ငန်းများက ထွက်ရှိလာသော စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်ရေနှင့် ထုတ်လွှတ်အခိုး အငွေ့များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့်လူသားတို့၏ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ သက်ဆိုင်ရာဌာနများက ပူးပေါင်း၍ စောင့်ကြပ်စစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
