Skip to main content

မန္တလေး - မြစ်ကြီးနားရထားလမ်းပိုင်း နန်းခွင် - ဟိုပင်ဘူတာအကြား မြန်မာ့မီးရထားပိုင် ရထားသံလမ်းထိန်းကလစ်များခိုးယူဖျက်ဆီးမှုကြောင့် ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားလမ်းချော်ကျမှုဖြစ်ပွား

နေပြည်တော် ဇူလိုင် ၂၃

ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်တွင် မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ဟိုပင်မြို့နယ် နန်းခွင် ဘူတာမှ ထွက်ခွာလာသော ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် မွန်းလွဲ နာရီ ၄၅ မိနစ်တွင် နန်းခွင်နှင့်ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/ နှင့် ကြားသို့ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရသည်။

ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေရာ၌ သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့်နှင့် ၎င်းနေရာအနီးရှိ မိုင်တိုင်အမှတ် ၆၅၃/၁၈- ၂၀ ကြားနေရာ၌ သံလမ်း(၃)ဆက်ပေ(၁၂၀)ခန့် စုစုပေါင်းပေ(၂၄၀)ခန့်အတွင်း သံလမ်းထိန်းကလစ် (၄၀၈)ခု ဖြုတ်ယူထားကြောင်းစစ်ဆေးတွေ့ရှိရပြီး သံလမ်းထိန်း ကလစ်များ ဖြုတ်ယူခံရမှုကြောင့် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများ ‘မ’တင်ခြင်းနှင့် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့သည့်အတွက် ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်သည် ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏လုပ်ရပ်အားတွေ့ရှိပါက ရထားမတော်တဆမှုများ ကာကွယ်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားသွားရန် လိုအပ်သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆိုဆွဲထုတ်ဖယ်ရှားခြင်း၊ ဖြေလျှော့ခြင်း၊ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း သိရသည်။

ယခု ရထားသံလမ်းထိန်းကလစ်များ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်နိုင်ရေး  ဟိုပင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ရရှိပါက ရထားပို့ဆောင်ရေးလုပ်ငန်းဥပ‌ဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။  

သတင်းစဉ်