ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ၏ ပုံရိပ်များက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို စိုးရိမ်ပူပန်မှုတို့ဖြစ်ပေါ်စေသည်။ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည့် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း တည်ဆောက်ခဲ့သမျှ၊ ဖွံ့ဖြိုးခဲ့သမျှတို့ကို တဒင်္ဂမျှအတွင်း ဖျက်ဆီးခဲ့ကြသလို ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများမှာလည်း အချိန်တိုအတွင်း ပျက်စီးခဲ့ကြရသည်။ အဓိက လက်သည်တရားခံများမှာ MNDAA နှင့် TNLA တို့ဖြစ်ကြပြီး KIA ၊ AA နှင့် PDF တို့လည်း ပူးပေါင်းပါဝင်လျက် အလုံးအရင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပူးပေါင်းကျူးလွန်ခဲ့ကြသူများမှာ အတူတူလုပ်ကိုင်ခဲ့ကြသော်လည်း ကိုယ့်ရည်မှန်းချက်နှင့်ကိုယ်၊ ကိုယ့်အကျိုးစီးပွားနှင့်ကိုယ်သာလျှင် ဖြစ်ကြသည်။ MNDAA အမည်ခံထားသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့သည် ၁၉၈၉ ခုနှစ်အတွင်း ဖုန်ကြားရှင်နှင့်ဖုန်ကြာဖူးတို့ ခေါင်းဆောင်၍ ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်မှ ခွဲထွက်အလင်းဝင်ခဲ့သောအဖွဲ့ဖြစ်ပြီး လောက်ကိုင်ဒေသကို အုပ်ချုပ်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်တွင် မျိုးနွယ်နှစ်ခုကြား အာဏာလုပွဲဖြစ်သည့် ပထမ ဖုန်/ရန် အရေးအခင်းဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဒုတိယ ဖုန်/ရန် အရေးအခင်းဖြစ်ခဲ့သည်။ ကိုးကန့်ဒေသသည် နယ်စပ်မျဉ်းနှင့်ကပ်နေပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်နေသူများမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု၏ အကျိုးအမြတ်အကြောင်းကို ကောင်းစွာသိရှိထားကြသူများဖြစ်ကြသလို မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်ကြသူများလည်း ဖြစ်ကြသည်။
မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်အပါအဝင် အရှေ့မြောက်နယ်စပ်ဒေသများသည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းသည်နှင့်အမျှ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသများဖြစ်သည်။ လက်ရှိကာလတွင်မူ အဆိုပါဒေသများအနက် မူဆယ်နှင့် ချင်းရွှေဟော်တို့မှာ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကနေရာများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသည့် နေရာများဖြစ်သလို တရားဥပဒေစိုးမိုးရေး အလှမ်းဝေးသည့် နေရာများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ကျယ်နေကြသည်ကို တွေ့ရသည်။ အကျိုးအမြတ်များလှသည့် အဆိုပါလုပ်ငန်းများမှာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့်အတူ ပြည်တွင်းမှ လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်များလည်း ပါဝင်ပတ်သက်နေကြကြောင်း သတင်းများတွင် တွေ့ရှိရသည်။
အောက်တိုဘာ ၂၇ ရက်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ “MNDAA သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှရရှိသည့် အကျိုးအမြတ်များကို ခံစားလိုပြီး ၎င်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခုဖြစ်စဉ်များဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ လောက်ကိုင်ဒေသနှင့်ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ကြီးမားသည့် မူးယစ်ဆေးဝါးဖြစ်စဉ် ၁၈ ခုရှိပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၈၂ ကြိမ်၊ တရားခံ ၁၄၀ ဦး၊ ကာလတန်ဖိုး ၇၁ ဒသမ ၅၉ ဘီလီယံဖိုးဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါမူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့သည်။
လက်ရှိကာလ မိမိတို့နိုင်ငံကြုံတွေ့နေရသည့် အတွင်းရန်၊ အပြင်ရန်များသည် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုကင်းမဲ့ပါက ဝါးအစည်းပြေသကဲ့သို့ တိုင်းပြည်လည်းတစ်စစီပြိုကွဲသွားမည် ဖြစ်သည်။ အထူးသဖြင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက် စွန့်လွှတ်စွန့်စားတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်နှင့် ပြည်သူလူထုအကြားတွင် တစ်သားတည်းရှိရန် လိုအပ်သလို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံအားပေးမှု၊ ပူးပေါင်းကူညီမှုတို့ဖြင့် ပြည်ထောင်စုကြီး၏အင်အား၊ တပ်မတော်၏အင်အားကို ပိုမိုဖွံ့ထွားသန်မာစေရေး တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)