Skip to main content

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသလက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ပျဉ်းမနားမြို့နယ်၌ ဒုတိယနေ့ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင်ဒုတိယနေ့အဖြစ် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များ ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်မမှန်စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကာ မဲပေးရာတွင်လည်း လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည်လည်း မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို လက်တွေ့သိရှိခဲ့ရသည့်အတွက် မဲပေးစက်အပေါ် ယုံကြည်သဘောကျ နှစ်ခြိုက်မှုရှိစွာဖြင့် မဲပေးဆောင်ရွက်ကြသည်။

အခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ရန်အောင်(၂)ရပ်ကွက်၊ ရွှေချီရပ်ကွက်၊ ကျီးအင်းကျေးရွာအုပ်စု၊ သကြားစက်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စုနှင့် ကျွန်းဦးကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်