Skip to main content

ဥက္ကံမြို့နှင့် ပြင်ဦးလွင်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ကံကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ရွှေဟင်္သာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။

စစ်ဆေးကုသပေး

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၈၉ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ လိုအပ်သောကျန်းမာရေးစောင့်ရှာက်မှုများ ဆောင်ရွက်ပေးရာ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ စုစုပေါင်း ၃၅၈ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချိုစစ်ဆေးခြင်း၊ သွေးအုပ်စုစစ်ဆေးခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်