ရန်ကုန် နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း လမ်းမကြီးသို့သွားရောက်၍ လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ဝန်ထမ်းများ ပူးပေါင်းအင်အားဖြင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်များအောက်တက်ရှင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ လမ်းဘေးပခုံးသားများ မြေညှိစက်ဖြင့်မြေညှိပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် သန်လျင်ဖန်ချက်စက်ရုံရှေ့ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ် ၃/ရန်ပြေ ရပ်ကွက် ယမုံနာလမ်းရှိ သာ/၁ ရေစက်ဝင်းအတွင်း ရေဂါလန်နှစ်သိန်းဆံ့ရေစုကန်တည်ဆောက်ပြီးစီးမှု၊ ရေတွန်းစက်သုံးလုံးထားရှိရန်အတွက် ရေတွန်းစက်ရုံတည်ဆောက်ထားရှိမှုနှင့် ဒဂုံမြို့နယ် အလုံလမ်းနှင့် ပြည်လမ်းထောင့်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ ဂိတ်(၄)ဝင်ပေါက်အထိ အစိုးရအဖွဲ့ရုံးဘက်ခြမ်းတွင် လမ်းသားတိုးချဲ့ကွန်ကရစ်ခင်းကျင်းနေမှုနှင့် လူသွားစင်္ကြံခင်းကျင်းရန် ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
