Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး၊ ဆုများပေးအပ်ချီးမြှင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံးအသင်း ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲ

နေပြည်တော် နိုဝင်ဘာ ၂၄

အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲမစတင်မီ ဗိုလ်လုပွဲသို့ လာရောက်ကြည့်ရှုအားပေးကြသည့် နှစ်ဖက်အသင်းပရိသတ်များနှင့် အားကစားဝါသနာရှင် ပရိသတ်များအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

တစ်ခဲနက်ကြည့်ရှုအားပေး

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး၊ ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံးအကယ်ဒမီမှ သင်တန်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက်တက်ရောက်ကြည့်ရှု အားပေးကြသည်။

အကြိတ်အနယ် ယှဉ်ပြိုင်ကစား

အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံး ကိုယ်စားပြုဘောလုံးအသင်းတို့သည် ပွဲစတင်ကစားချိန်မှစ၍ ဗိုလ်လုပွဲသို့ အကြိတ်အနယ် ယှဉ်ပြိုင်တက်ရောက်လာသည့် အသင်းများဖြစ်သည်နှင့်အညီ ခြေရည်တူစွာဖြင့် တစ်ဖက်နှင့် တစ်ဖက် ဦးဆောင်ဂိုးရရှိနိုင်ရေးအတွက် အင်နှင့်အားနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ ပွဲကစားချိန် ၄ မိနစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းမှ ဘောလုံးကို ပိုမိုထိန်းသိမ်းကစားနိုင်ခဲ့ပြီး ပွဲကိုစိုးမိုးထားခဲ့ကာ ပွဲချိန် ၁၆ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက် တစ်ဂိုးစီဖြင့် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းနောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိနိုင်သည့် အခွင့်အရေးများ အပြန်အလှန်ရရှိခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းမှ ပွဲချိန် ၃၉ မိနစ် နှင့် ၄၆ မိနစ်တို့တွင် တိကျသည့် ကန်ချက်များဖြင့် ဦးဆောင်ဂိုးများ ထပ်မံရယူနိုင်ခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ စခန်းမှူးရုံးအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

အချိန်ပိုဆက်လက်ယှဉ်ပြိုင်

ဒုတိယပိုင်း ပွဲကစားချိန်တွင် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ စခန်းမှူးရုံးအသင်းက ပွဲချိန် ၆၆ မိနစ်တွင် ချေပဂိုး တစ်ဂိုးနှင့် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံး၍ နာကျင်အချိန်ပိုပေးထားသည့် ၉၃ မိနစ်တွင် အဖိုးတန်ချေပဂိုးတစ်ဂိုးတို့ကို ထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲကစားချိန်ပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ စခန်းမှူးရုံးအသင်းတို့သည် တစ်ဖက် သုံးဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

အချိန်ပိုပွဲစဉ်များအတွင်း၌လည်း တစ်ဖက်နှင့် တစ်ဖက် အနိုင်မခံ၊ အရှုံးမပေး ရေကုန်ရေခန်းအားကစားစိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး နှစ်ဖက်အသင်း ဂိုးသမားများ၏ လက်စွမ်းပြမှုများနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင် ခဲ့ခြင်းမရှိသည့်အတွက် အချိန်ပိုပွဲချိန်ပြီးဆုံးချိန်တွင် သုံးဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းကို ၆ ဂိုး ၅ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆုပေးအပ်ချီးမြှင့်

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ်အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်က ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရန်ကုနတိုင်းစစ်ဌာနချုပ်အသင်းတို့ကို စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အနောက် တောင်တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းတို့ကို စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ (ခ) အဆင့်ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် က တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုများကိုလည်းကောင်း၊ (က) အဆင့် ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစား သမားဆုရရှိသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆုများကိုလည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းမှ အားကစားသမားများကို ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းမှ အားကစား သမားများကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲကို (က) အဆင့်ပြိုင်ပွဲနှင့် (ခ)အဆင့် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲနှစ်မျိုးခွဲခြားကာ (က) အဆင့်တွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း၊ (ခ) အဆင့်တွင် ပြိုင်ပွဲဝင်အသင်း ၈ သင်း စုစုပေါင်း ၂၄ သင်း ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များ အလိုက် ဇုန်များခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့် ရှုံး/ထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်၍ ယနေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်